စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဧကခြင်း၏ ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ရေး အကောင်အထည်ဖော်ဆောင်ရွက်
  • Wed, 22 March 2023

စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဧကခြင်း၏ ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ရေး အကောင်အထည်ဖော်ဆောင်ရွက်


တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူးလုံ‌ရေးတို့အတွက် ပြည်သူလူမှုစီးပွားဘဝ ဖွံဖြိူးတိုးတက်အောင်တည်ဆောက်ရေး ကြိုးပမ်းအကောင်အထည်ဖော်ရာတွင် စိုက်ပျိုးရေး၊ မွေးမြုရေးလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လယ်ယာကဏ္ဍ ဖွံဖြိုး‌ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြသည့် တာဝန်ရှိသူအဆင့်ဆင့်တို့အနေဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ မိမိတို့ဝန်ကြီး ဌာန၏ လုပ်ငန်းတာဝန်များကို ထဲထဲဝင်ဝင် သိရှိနားလည်ကြပြီး မိမိတို့ ကျွမ်းကျင်ရာပညာရပ် များကို အကျိုးရှိအသုံးချကာ ကျရာကဏ္ဍမှ ကြိုးပမ်းရန်လိုအပ်ကြောင်း မတ်လ ၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်း/ခရိုင် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြုရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး ဝင်းတင့်စိုးနှင့် သက်ဆိုင်ရာဦးစီးဌာန တာဝန်ရှိသူများက တိုင်းဒေသကြီး၏ ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်မှု မွေးမြုရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးရေးသုံးစွဲနိုင်မှုနှင့် သီးထပ် စွမ်းအားတိုးမြှင့်ရေးဆောင်ရွက်ထားရှိမှု၊ အဓိကသီးနှံ (၁၀) မျိုး၏ ပန်းတိုင်အထွက်ရရှိ‌ရေး ဆောင်ရွက်နိုင်မှု၊ ဒေသဝမ်းစာဖူလုံမှုနှင့် လယ်ယာထွက်ကုန်အခြေခံ ကုန်ချောထုတ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ဆောင်ရွက်နေမှု၊ မျိုးစေ့ထုတ်လုပ်ငန်းနှင့် အသုံးချသုတေသနလုပ်ငန်းများတွင် ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မှုကို အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊မွေးမြုရေးဆိုင်ရာ နည်းစနစ် များ ဖြန့်ဝေရာတွင် တောင်သူများလက်တွေ့မြေပြင်ဆောင်ရွက်မှုနှင့် အနီးစပ်ဆုံး အမှန်ကန်ဆုံး အနေအထားရှိအောင်‌ နေရာစုံမှ နည်းလမ်းစုံဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အထက်ဌာနသို့ တင်ပြရာတွင် မရိုးမဖြောင့်သောတင်ပြမှုများမရှိရန်လိုကြောင်း၊ မြေယာအသုံးချမှု၊ ဓာတ်မြေဩ ဇာ၊ ပိုးသတ်ဆေးဖြန့်ချီအသုံးပြုမှုလုပ်ငန်းများတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီဖြစ် စေရေး၊ ဝန်ထမ်းများသက်သာချောင်ချီရေးနှင့် လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် လိုအပ် သော ပံ့ပိုးဖြည့်ဆည်းမှုများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်‌ရေး ဖြည့်စွက်ဆွေးနွေးမှာကြားသည်။



ထို့နောက် ပြည်‌ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးနည်းပညာပေးပြခန်းများ ကြည့်ရှ့စစ်ဆေးအားပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၂-၂၀၂၃ မိုး၊‌ဆောင်း၊ နွေ စိုက်ပျိုးရာသီတွင် စပါးဧက တစ်ဆယ့်ရှစ်သိန်းကျော်၊ ဆီထွက်သီးနှံ ဧကနှစ်ဆယ့်လေးသိန်းကျော်၊ ပဲမျိုးစုံ ဧကနှစ်ဆယ့်လေး သိန်းကျော်နှင့် သီးနှံစုံ စုစုပေါင်း ဧကကိုးသန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ နိုင်ငံတော်၏ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့် ရေးအတွက် အရေးပါသည့် ‌‌ဒေသတစ်ခု ဖြစ်သဖြင့် တစ်ဧကချင်း၏ ထုတ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်ရန် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်း များနှင့် တောင်သူများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။