ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့်ဆွေးနွေးပွဲ (Citrus Fair, 2021)ကျင်းပ

ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့်ဆွေးနွေးပွဲ (Citrus Fair, 2021)ကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကျင်းပပြုလုပ်သည့် ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair, 2021) ဖွင့်ပွဲ အခမ်းအနား နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြ သော ဦးရွှေကြိမ်း နှင့် ဦးစိုင်းလုံးစိုင် ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၏ အကြံပေး ပုဂ္ဂိုလ် ဒေါ်ယဉ်ယဉ်နွယ် ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၊ နေပြည်တော် ကောင်စီ ဥက္ကဌ ဦးမောင်မောင်နိုင် ၊ ဒုတိယဝန်ကြီးများ ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ နှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ကိုယ်စား လှယ်များ၊ အသင်းအဖွဲ့များ ကုမ္ပဏီများမှ ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်တောင်သူ ဦးကြီးများ နှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ကြသည်။



အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့် အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း၌ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေးကို အဓိက ရည်မှန်းချက်ထားပြီး စိုက်ပျိုးရေး နှင့် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက် အရေး ဆောင်ရွက်လျက် ရှိရာ လက်ရှိ ဆိုင်နေကြရသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားနေသော ကာလအတွင်း ကာကွယ်ခြင်းနှင့် ပြန်လည်နလံထူရေး အတွက် အရေးကြီးသည့် အာဟာရဓါတ်များ ၊ အထူးသဖြင့် Vitamin-C ပြည့်ဝသည့် ရှောက်၊ လိမ္မော်၊ သံပုရာများ စားသုံးနိုင်ရေးသည် အရေးပါလျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း စိုက်ပျိုး ထုတ်လုပ် ရောင်းချနိုင်မှု မှ ဝင်ငွေအခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် စီးပွားရေး ဆိုင်ရာ ရှုထောင့်အမြင်အရ ရှောက်၊ လိမ္မော်နှင့် သံပုရာ မျိုးရင်းဝင်များ၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအတွက် ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ် ရခြင်း ဖြစ်ပါကြောင်း၊



ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ၌ အာဟာရဓာတ်များစွာနှင့် ဗီတာမင်များစွာ ပါဝင် လျက် ရှိရာ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေး ၊ ပြည်သူ တစ်ဦးချင်း၏ စားသုံးမှုမြှင့်တင် နိုင်ရေး နှင့် ဈေးကွက်အတွင်းသို့ တင်ပို့ ရောင်းချ နိုင်ရေးသည် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်း ကြီး တစ်ခု ဖြစ်ပါကြောင်း၊

ရှောက်၊ လိမ္မော်၊ သံပုရာ မျိုးရင်းဝင်အပင်များကို မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသရေမြေ ရာသီဥတု နှင့် ကိုက်ညီမှုပေါ်မူတည်၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ လက်ရှိ စိုက်ဧက စုစုပေါင်း(၁)သန်းခန့် ရှိသော်လည်း ပြည်တွင်း လိုအပ်ချက် ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မှု မရှိသေးသည့်အတွက် အိမ်နီးချင်းနိုင်ငံအချို့ နှင့် အရှေ့ အလယ်ပိုင်းနိုင်ငံ အချို့မှ တင်သွင်း နေရမှုကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုကို ကြုံတွေ့နေရပါကြောင်း။ ဥပမာ အားဖြင့် ၂၀၂၀-၂၁ ခုနှစ် အတွင်း ပြည်ပမှ တင်သွင်းခဲ့သည့် ရှောက်၊ လိမ္မော်၊ သံပုရာ၊ဂရိတ်ဖရု စသော ရှောက်မျိုး နွယ်ဝင် သစ်သီးများ တင်သွင်းမှုမှာ တန်ချိန်အားဖြင့် ၆ သောင်း ၇ ထောင် ကျော် ရှိပြီး၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ (၂၃) သန်း ခန့်ဖြစ်ကာ ပြည်ပပို့ကုန်အနေဖြင့်  အမေရိကန်ဒေါ်လာ (၁.၅) သန်း ခန့်သာရှိကြောင်း ။



တဖက်တွင်လည်း ပြည်တွင်း ရှောက်၊ လိမ္မော်၊ သံပုရာစိုက် တောင်သူများ ရင်ဆိုင် ကြုံတွေ့ နေရသည့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ပြဿနာများနှင့် ဈေးကွက် အခက် အခဲများ ကြောင့် စိုက်ဧရိယာ နှင့် အထွက်နှုန်းများ လျော့ကျလာခြင်းသည်လည်း အနာဂတ် အတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါကြောင်း။ ရေမြေအခြေအနေပေးသည့် ဒေသများတွင် တိုးတက် ထုတ်လုပ်နိုင်ရေး နှင့် သွင်းကုန် ထိန်းချုပ်ခြင်းကို ဆောင်ရွက်ခြင်းမရှိပါက ရေရှည်တွင် ရှောက်၊ လိမ္မော်၊ သံပုရာ စိုက်စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများ ၏ အကျိုးစီးပွား ထိခိုက်မှု ရှိလာနိုင်သဖြင့် စိုက်ပျိုးရေး အခြေပြုသည့် မြန်မာ့စီးပွားရေးကိုလည်း တစ်စိတ် တစ်ပိုင်း ထိခိုက်လာနိုင်ပါကြောင်း။



သို့ပါ၍ ယနေ့ ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair, 2021) ကို ပြုလုပ်ကျင်းပရခြင်းဖြစ်ပြီး လိမ္မော်မျိုးများအပါအဝင် ရှောက်မျိုးရင်းဝင် သစ်သီးပင်များနှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့်များရရှိရေး၊ အထွက်နှုန်းနှင့် အရည် အသွေးများ တိုးတက်ရေး၊ စားသုံးမှုလုံခြုံစိတ်ချရသည့် ထွက်ကုန်ပစ္စည်းများရရှိစေရေး၊ ပြည်ပမှ တင်သွင်းရမှု လျှော့ချ နိုင်ရေး နှင့် ပြည်ပ ပို့ ကုန်များတို့မြှင့်စေရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကိုလျော့ နည်းသက်သာ စေမည့် ခေတ်မီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ ၊ ဈေးကွက် နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ ရရှိရေးတို့အတွက် ရည်ရွယ်ကျင်းပ ရခြင်း ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။



ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများ က ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair, 2021) ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး ၊ ပြခန်းများ ၊ ပြိုင်ပွဲဝင်သစ်သီးများ ၊ ဆုရသစ်သီးများ ကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုအမျိုးအစားများအလိုက် ပေးအပ်ချီးမြှင့်ကြရာ လိမ္မော်ခွံကျစ် (ကဗ္ဗလာ) ပြိုင်ပွဲ ပထမဆု ရှမ်းပြည်နယ် မောက်မယ် မြို့နယ် မှ ဦးစိုင်းအောင်တင် ၊ ဒုတိယဆု မောက်မယ် မြို့နယ် မှ ဦးထွန်းအောင်၊ တတိယဆု ပြင်ဦးလွင်မြို့နယ်မှ ထူးလိမ္မော်ခြံ က လည်းကောင်း၊ လိမ္မော်(ခွံပွ)ပြိုင်ပွဲ ပထမဆု ရွာငံမြို့နယ်မှ ဦးကျော်စိုး၊ ဒုတိယဆု ကလော မြို့နယ်မှ ဦးအောင်ကျော်မိုး၊ တတိယဆု ရပ်စောက်မြို့နယ်မှ ဦးခွန်သန်းထွန်း က လည်းကောင်း၊ ပျားလိမ္မော် ပြိုင်ပွဲ ပထမဆု ပင်းတယမြို့နယ်မှ ဒေါ်တင်ဝင်းရွှေ၊ ဒုတိယဆု မိုင်းပြင်းမြို့နယ် မှ ဦးကျော်လွင်၊ တတိယဆု မိုင်းဆက်မြို့နယ်မှ ဦးကောလီ က လည်းကောင်း၊ ကျွဲကော ပြိုင်ပွဲ ပထမဆု ရွှေကျင်မြို့နယ်မှ ဒေါ်စန္ဒာဝင်း၊ ဒုတိယဆု အုတ်တွင်း မြို့နယ် မှ ဒေါ်မြ ၊ တတိယဆု သာယာဝတီမြို့နယ်မှ ဦးပိုက်တင် က လည်းကောင်း၊ သံပုရာ ပြိုင်ပွဲ ပထမဆု ကြာအင်းဆိပ်ကြီး မြို့နယ်မှ ဦးအောင်ဝင်း၊ ဒုတိယဆု နေပြည်တော် Big M Group Co.,Ltd ၊ တတိယဆု ရွာငံမြို့နယ် မှ ဦးမြင့်ရှိန် က လည်းကောင်း၊ ရှောက် ပြိုင်ပွဲ ပထမဆု ပုသိမ်ကြီးမြို့နယ်မှ ဦးစိုးအောင်ထွန်း ၊ ဒုတိယဆု ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဦးမြတ်ကျော် ၊ တတိယဆု မြဝတီ မြို့နယ်မှ ဦးလှဝေ တို့က လည်းကောင်း အသီးသီး ဆုလက်ခံရယူခဲ့ကြသည်။



ယနေ့ကျင်းပပြုလုပ်သည့် ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ ပြိုင်ပွဲတွင် ဒေသအသီးသီးမှ လိမ္မော်ခွံကျစ်(ကဗ္ဗလာ)၊ လိမ္မော်(ခွံပွ)၊ ပျားလိမ္မော်၊ ကျွဲကော၊ ပန်း လိမ္မော်၊ ဂရိတ်ဖရု၊ သံပုရာ ၊ ရှောက် စသည့် သစ်သီး(၈)မျိုး ကို ပြိုင်ပွဲဝင်(၁၁၈)ဦးတို့က ပေးပို့ယှဉ်ပြိုင်လာကြခြင်းဖြစ်ပြီး အရည်သွေးများအပေါ် စိစစ်၍ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု၊ အထူးဆုများကို ပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



နေ့လယ်ပိုင်းတွင် ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ် များ နှင့် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ လက်တွေ့ ဆောင်ရွက်လျက်ရှိကြသည့် တောင်သူများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ ပါဝင် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။