(BIMSTEC)ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၏ တတိယအကြိမ်မြောက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

(BIMSTEC)ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၏ တတိယအကြိမ်မြောက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (BIMSTEC) ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ ၏ တတိယအကြိမ်မြောက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော် ရုံးအမှတ်(၄၃)၊ အစည်းအဝေးခန်းမ ကို အခြေပြု၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။


အစည်းအဝေးတွင် စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ‌ဒေါက်တာသန္တာကြည် က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး (BIMSTEC)ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘင်္ဂလားရှေ့ဒ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ နှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံး မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။




မြန်မာနိုင်ငံ ကိုယ်စားလှယ်များအဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန စီမံကိန်းဦးစီးဌာန နှင့် စိုက်ပျိုး‌ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။


ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်) သည် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ စွမ်းအင်၊ ပို့ဆောင် ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ ပြည်သူ့ကျန်းမာရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ရာသီဥတု ပြောင်းလဲမှု စသည့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၁၄) ခုအား ဦးဆောင်နိုင်ငံများ သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  မြန်မာနိုင်ငံ အနေဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် စွမ်းအင်ကဏ္ဍ တို့ကို ဦးဆောင်ကဏ္ဍအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်နိုင်ငံများ နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။




အစည်းအဝေးတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ လိုက်နာဆောင်ရွက်မှု တိုးတက်စေရေးအတွက် အဖွဲ့ဝင်နိုင်ငံများ အလိုက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို နိုင်ငံအလိုက် ရှင်းလင်းတင်ပြကြပြီး အဖွဲ့ဝင် နိုင်ငံများအကြား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ နှင့် လိုက်နာဆောင်ရွက်မှု တိုးတက်စေရေး နည်းလမ်းများအား ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။