ကချင်ပြည်နယ် ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

ကချင်ပြည်နယ် ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများ၏ ထုတ်လုပ်မှုမြင့်မားစေရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က အားပေးကူညီလျက်ရှိကြောင်း၊ တဘက်မှလည်း သွင်းအားစုများကို ထိရောက်စွာ အသုံးပြုခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချခြင်း ၊ တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်ရောင်းချခြင်း ၊ ယခင်က အမှုမဲ့အမှတ်မဲ့ စွန့်ပစ် ခဲ့သည့် ဘေးထွက် ပစ္စည်းများကို ထုတ်ကုန်အဖြစ် ဖန်တီး၍ ဝင်ငွေရှာခြင်း  စသည့်နည်းလမ်းများအသုံးပြု၍ လယ်ယာစီးပွားရေး လုပ်ငန်းရှင်များအဖြစ် ကြိုးပမ်းကြရန်နှင့် သဘောထားညီညွတ်သည့် အစုအဖွဲ့များစုဖွဲ့ပြီး ကုန်ထုတ်သမဝါယမအသင်းများ အဖြစ် ဆောင်ရွက်လိုပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဧပြီလ(၃၀)ရက်နေ့ က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်အဖွဲ့သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေးကြပြီး မွေးမြူရေးတိရစ္ဆာန်ဆေးဝါးများကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး က လက်ခံရယူသည်။


ထို့နောက် ဝိုင်းမော်မြို့နယ် သစ်စိမ်းမြေဩဇာကြဲပက်စိုက်ပျိုးပွဲအခမ်းအနား သို့ တက်ရောက် ကြပြီး ပြည်ထောင်စုဝန်ကြီး က မြေဆီလွှာ ဖွံ့ဖြိုးရေးနှင့် သီးနှံပင်အာဟာရ ပြည့်ဝရေး အတွက် သစ်စိမ်းမြေဩဇာ၏ အကျိုးကျေးဇူးများကို ဒေသခံတောင်သူများအား ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် မျိုးစေ့များ နှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ၊ ပြည်နယ် ဝန်ကြီးချုပ် နှင့် အဖွဲ့သည် တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာအဖြစ် ပိုက်ဆံလျှော်မျိုးစေ့များကို ကြဲပက် စိုက်ပျိုးပေးခဲ့ကြသည်။


ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်  မြစ်ကြီးနား မြို့နယ်၊ တပ်ကုန်းရပ်ကွက်ရှိ စံပြလယ်ဧက(၁၀၀)အား မိုးရာသီ ရေကြီးနစ်မြုပ်မှုမှ သက်သာစေရန် ရေနုတ်မြောင်း တူးဖော်ခြင်း၊ မြောင်းပုံစံကျ ပြုပြင်ခြင်းနှင့် မြောင်းကူးတံတား(၂)စင်း တည်ဆောက်မှု လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးကြပြီး ပြည်ထောင်စုဝန်ကြီး က ယခု ဆောင်ရွက်လျက်ရှိသည့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းကို မိုးရာသီ ရေကြီးရေလျှံမှု သက်သာစေမည့် ရေနုတ်မြောင်းအဖြစ်သာမက ဆောင်းရာသီ နှင့် နွေရာသီအတွက် ဧရာဝတီ မြစ်ရေကို သွင်းယူနိုင်သည့် ရေသွင်းမြောင်း အဖြစ်ပါ အသုံးချနိုင်ရေး တပါတည်းဆောင်ရွက်ရန် ၊ သီးထပ်စိုက်ပျိုးနိုင်ရေး နှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်  မြစ်ကြီးနား မြို့နယ်၊ နောင်နန်းကျေးရွာအနီးရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ တွင် ဆောင်ရွက်လျက် ရှိသည့် ရော်ဘာသုတေသနလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးကြပြီး ဒေသနေ ရော်ဘာတောင်သူများနှင့် ရင်းနှီးခင်မင်စွာ တွေ့ဆုံ၍ ကချင်ပြည်နယ်အတွင်း ရော်ဘာတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် ဈေးကွက်ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ မြစ်ကြီးနား ပိုးစာခြံ၏ ပိုးမွေးမြူရေးလုပ်ငန်းနှင့် တောင်သူနည်းပညာပေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေး ပြီး ပြည်ထောင်စုဝန်ကြီး က ရိုးရာအဝတ် အထည်များတွင် အမြတ်တနိုးတန်ဖိုးထားသုံးစွဲသည့် ပိုးချည်ထုတ်လုပ်နိုင်ရေး အတွက် ပိုးမွေး တောင်သူများ တိုးပွားလာရေး၊ တနှစ်ပတ်လုံး ပိုးစာပင်ဖြစ်ထွန်းသည့် ရာသီဥတု အခြေအနေ ရှိ၍ စီးပွားဖြစ် ထုတ်လုပ်သည့် ဒေသ ထွက်ကုန် တစ်ခုအဖြစ် တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ချက်များ ကို တာဝန်ရှိ သူများအား ဆွေးနွေးမှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်  ချမ်သစ်ခွ စိုက်ပျိုးရေး နှင့် မွေးမြူရေးခြံ၏ ဖရစ်ရှန်နို့စားနွား မွေးမြူရေး လုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ နို့စားနွား မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ် ရေး၊ နို့နှင့်နို့ထွက်ပစ္စည်း တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး မွေးမြူရေး လုပ်ငန်းရှင်များ အား မွေးမြူရေးတိရစ္ဆာန်ဆေးဝါးများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။