ဆီထွက် သီးနှံ နေကြာ နှင့် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးရေး အားပေးဆောင်ရွက်

ဆီထွက် သီးနှံ နေကြာ နှင့် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးရေး အားပေးဆောင်ရွက်


စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် မေလ(၃၀)ရက်နေ့က မန္တလေး တိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေးသုတေသနခြံ သို့ရောက်ရှိကြပြီး ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ သုတေသန ပြု ထုတ်လုပ်နေမှု၊ ဒေသနှင့်သင့်လျော်သည့် ဆီထွက်သီးနှံနေကြာ မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးရေးစီမံ ဆောင်ရွက်ထားရှိမှု နှင့် နေကြာမျိုးစေ့ ဖြန့်ဖြူးပေးရန် အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။



ထို့နောက် ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာ မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် (၁၂၅)ဧက စံပြကွင်းတွင် ဝါစိုက် တောင်သူများ နှင့် တွေ့ဆုံ၍ ပြည်တွင်း အထည် လုပ်ငန်း အတွက် ချည်မျှင် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် နှင့် ဝါစိုက်တောင်သူ အတွက် ဝင်ငွေအကျိုးအမြတ် တိုးတက်ရရှိစေမည့်  အထွက်နှုန်းရရှိစေရန် ဝါမျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး နှင့် နည်းပညာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဝန်ကြီးဌာနက ဆောင်ရွက် ပေးနေမှုများ၊ ဈေးကွက်က လိုအပ်သည့် ချည်မျှင်ရှည်ဝါ အရည်အသွေး ပြည့်မီစွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းပညာရပ်ဆိုင်ရာများကို ဆွေးနွေး ပြောကြားပြီး ဒုတိယဝန်ကြီး က မျိုးစေ့ထုတ် စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါ မျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးခဲ့သည်။



 ဆက်လက်၍ အောင်ချမ်းသာကျေးရွာရှိ ကုတင်ကန် ရေဝင်ရောက်မှု ရေပေးနေမှုနှင့် ကန်ပေါင်ကြံ့ခိုင်မှုအ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ကုတင်ကန် သည် ကန်ပေါင် အလျား (၃၁၀၀)ပေ၊  အမြင့် (၁၂)ပေ ရေလှောင် ပမာဏ(၁၂၀)ဧကပေ ရှိပြီး စိုက်ပျိုးမြေ ဧက (၂၅၀၀)ကျော်ကို အကျိုးပြုလျက်ရှိကြောင်း သိရသည်။



နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်ရှိ အပူပိုင်းဒေသ သစ်သီးဝလံသုတေသနဗဟိုဌာန မယ်အောင်ကန်ခြံ ၌ အပူပိုင်းဒေသ သစ်သီးဝလံများ၏ မျိုးဗီဇဖွံ့ဖြိုးစေရန်နှင့် အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် သီးနှံ မျိုးကောင်း မျိုးသန့် မျိုးသစ်များ စမ်းသပ် ဖော်ထုတ်နေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး   ဒုတိယဝန်ကြီး က အပူပိုင်း ဒေသ သစ်သီးဝလံများ၏ မျိုးဗီဇဖွံ့ဖြိုးစေရေး အတွက် မျိုးကူးစပ်ခြင်း နှင့် မျိုးမွေးမြူရွေးခြယ်ခြင်းလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရန် ၊ သဘာဝ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး သီးနှံ အလိုက် အကျိုး အမြတ် အများဆုံး ရရှိသည့် စိုက်ပျိုးရေးနည်းစနစ်များ၊ သီးနှံပုံစံများ ဖော်ထုတ်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။



ထို့နောက် တပ်ကုန်းမြို့နယ် သပြေသာဘုန်းတော်ကြီးကျောင်းတွင် နေကြာစိုက် တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်နေကြာ တိုးချဲ့စိုက်ပျိုးရေး၊ အထွက်ကောင်း မျိုးကောင်း မျိုးသန့် မျိုးစေ့များအသုံးပြုစိုက်ပျိုးရေး၊ စိုက်စနစ် မှန်ကန်စေရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး တောင်သူ ဦးခင်စိုး ၏ မိုးနေကြာ မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။