စားနပ်ရိက္ခာဖူလုံစေရေး နှင့် ဖန်လုံအိမ် အာနိသင်ကို ဖြစ်ပေါ် စေသည့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အတွေ့အကြုံများ ဆွေးနွေး ဖလှယ်

စားနပ်ရိက္ခာဖူလုံစေရေး နှင့် ဖန်လုံအိမ် အာနိသင်ကို ဖြစ်ပေါ် စေသည့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အတွေ့အကြုံများ ဆွေးနွေး ဖလှယ်

စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းများ စွန့်ပစ် ပစ္စည်းများဖြင့် အပင်အာဟာရပျော်ရည် ထုတ်လုပ် အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲ နှင့် နည်းပညာ ဆွေးနွေးပွဲကို ဇူလိုင်လ(၅)ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်းဝန်း အတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရှင်ဝန်ထမ်းများ၊ ငါးအမိုင်နို အက်စစ် ထုတ်လုပ်အသုံးပြုမှု အတွေ့အကြုံများ ပါဝင်ဆွေးနွေးမည့် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးတင်မောင်သန်း နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းများ စွန့်ပစ် ပစ္စည်းများဖြင့် ဖော်စပ်ထားသော အပင်အာဟာရပျော်ရည်ကို နေကြာသီးနှံ စိုက်ခင်း များတွင် စမ်းသပ်သုံးစွဲနေမှု ၊ သီးနှံဖြစ်ထွန်းမှု အခြေအနေ နှင့် လုပ်ငန်း မှတ်တမ်းထားရှိမှု များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် စုဝေးဆောင်ခန်းမတွင် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းများ စွန့်ပစ်ပစ္စည်းများဖြင့် အပင်အာဟာရပျော်ရည် ထုတ်လုပ် အသုံးပြု ခြင်းဆိုင်ရာ အတွေ့အကြုံများရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။




ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ သီးနှံအထွက်နှုန်း နှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်ရာ တွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှုရှိစေမည့် စိုက်ပျိုးထုတ်လုပ်မှုကို ပေါင်းစပ်ဆောင်ရွက်သွားရန် လိုကြောင်း၊   သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်ရန် လိုအပ်သော အပင် အာဟာရများကို စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်မှုမှ အလျှံအပယ်ရနေသော ဘေးထွက် ပစ္စည်းများ စွန့်ပစ်ပစ္စည်းများဖြစ်သည့် နှမ်းရိုး၊ စပါးခွံ၊ ကြက်ဥခွံ နှင့် ငါးအသားထုတ်လုပ်မှု ဘေးထွက် ပစ္စည်းများမှ ထုတ်လုပ်ထားသည့် သဘာဝအပင် အားဆေးများ၊ သဘာဝ မြေဩဇာများကို အကျိုးရှိစွာ ပြန်လည် သုံးစွဲခြင်းဖြင့် ထုတ်လုပ်မှု မြင့်မားလာပြီး တိုးတက်လျက်ရှိသည့်ကမ္ဘာ့ လူဦးရေ အတွက် စားနပ်ရိက္ခာဖူလုံစေရေး နှင့် ဖန်လုံအိမ် အာနိသင်ကို ဖြစ်ပေါ် စေသည့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကို အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း၊ နည်းပညာရပ်ဆိုင်ရာ အတွေ့ အကြုံများကို ဌာနအတွင်းရှိ ပညာရှင်များ နှင့် ပုဂ္ဂလိကပိုင်းမှ အတွေ့အကြုံများ ဆွေးနွေး ဖလှယ်ပြီး တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လိုက်ပါ အသုံးပြုလာသည်အထိ ပညာပေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးတင်မောင်သန်း က ငါးအမိုင်နို အက်စစ် ထုတ်လုပ်အသုံးပြုမှု နည်းပညာ နှင့် အတွေ့အကြုံများကို တင်ပြဆွေးနွေးရာ အခမ်းအနား တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေး ခဲ့ကြသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ငါးအမိုင်နိုအက်စစ် မြေဩဇာရည်အပါအဝင် ဇီဝစူပါ၊ အီးအမ်၊ ဘိုကာရှီ၊ ဒိုချက်ကင်၊ ခိုင်တိုစန် စသော သဘာဝမြေဩဇာများအား သုတေသနပြု စမ်းသပ်ဖော်ထုတ်ခြင်းနှင့် နည်းပညာ ဖြန့်ဖြူး ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငါးအသားထုတ်လုပ်မှု ဘေးထွက် ပစ္စည်းများမှ ထုတ်လုပ်ထားသည့် ငါးအမိုင်နို အက်စစ်မြေဩဇာရည်၌ နိုက်ထရိုင်ဂျင်ဓာတ် နှင့် အပင်အတွက် အာဟာရဓာတ်‌များ ကြွယ်ဝစွာပါဝင်ကြောင်း၊ လွယ်ကူရိုးရှင်းစွာ ဖော်စပ်သုံးစွဲနိုင်ကာ ကုန်ကျ စရိတ် သက်သာ သဖြင့် တောင်သူများအတွက် လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် သဘာဝမြေဩဇာဖြစ်၍ နည်းပညာပြန့်ပွားရေးနှင့် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် လျက် ရှိကြောင်းသိရသည်။