မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဖိုးကွင်းဆက် ဖွံ့ဖြိုး တိုးတက်မှု အပေါ် အခြေခံ၍ ကျေးလက်နေ အိမ်ထောင်စုများ ၏ လူမှုဘဝ ဝင်ငွေရရှိ နိုင်မှု မြှင့်တင်ပေး နိုင်ရေးကြိုးပမ်း

မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဖိုးကွင်းဆက် ဖွံ့ဖြိုး တိုးတက်မှု အပေါ် အခြေခံ၍ ကျေးလက်နေ အိမ်ထောင်စုများ ၏ လူမှုဘဝ ဝင်ငွေရရှိ နိုင်မှု မြှင့်တင်ပေး နိုင်ရေးကြိုးပမ်း

ဒေသထွက်ကုန်ပစ္စည်းများ၊ ဒေသထွက်စားသောက်ဖွယ်ရာများကို အရည်အသွေး ကောင်းမွန်စွာ စီးပွားဖြစ်ထုတ်လုပ်နိုင်ကြခြင်းဖြင့် ကျေးလက်နေ အိမ်ထောင်စုများ ၏ ဝင်ငွေတိုးတက်ရရှိရေး နှင့် လူနေမှုအဆင့်အတန်းမြင့်မားရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က လက်ပေါင်းစုံမှ အားပေးကူညီလျက်ရှိသကဲ့သို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထ အကြိမ် အထူးရန်ပုံငွေဖြင့် အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် “မျှစ်စိုက်ပျိုးထုတ်လုပ်ရေးတန်ဖိုးကွင်းဆက် ဖွံ့ဖြိုး တိုးတက်မှု အပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိ နိုင်မှုမြှင့်တင်ပေး နိုင်ရေး ဆိုင်ရာစီမံကိန်း” ၏ လုပ်ငန်းအစီအစဉ်များထဲမှ တစ်ခုဖြစ်သော အကျိုးဆောင် တောင်သူများသို့ ဝါးပျိုးပင်ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ(၆)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ၊ အောင်သပြေကျေးရွာ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကျိုးဆောင်တောင်သူများတက်ရောက်ကြသည်။




အဆိုပါ ဝါးပျိုးပင်ပေးအပ်ခြင်းအခမ်းအနားတွင် နေပြည်တော် ကောင်စီ ဥက္ကဌ က အမှာစကားပြောကြားရာ၌ နေပြည်တော် ကောင်စီ နယ်မြေ ကို စိမ်းလန်းသာယာတင့်တယ် သော နိုင်ငံ၏စံပြဒေသတစ်ခုအဖြစ် ဖော်ဆောင်လျက်ရှိရာ အဓိကအရင်းအမြစ်တစ်ခု ဖြစ်သည့် ဒေသနေပြည်သူများ၏ ဝင်ငွေတိုးတက်ရေး၊ ကျန်းမာရေး ပညာရေး လူမှုရေး ဖွံ့ဖြိုးစေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး မွေးမြူရေး လုပ်ငန်း များလည်း အောင်မြင်စွာလုပ်ကိုင်နိုင်သည့် အားသာချက်များ ရှိနေကြောင်း၊ မျှစ် နှင့် မျှစ်ချဉ် ကဲ့သို့သော ဒေသထွက်စားသောက်ဖွယ်ရာများ ၊ ဝါးအခြေခံ လက်မှုကုန်ချောများကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်သူများ ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး နှင့် ဝင်ငွေ တိုးတက်ရေး အလားအလာကောင်းများလည်းရှိနေရာ  ယခုကဲ့သို့ ဝါးစိုက်ခင်းများ တည်ထောင် နိုင်ရေးအတွက် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့်ထောက်ပံ့အားပေးခြင်းအပေါ် အကျိုးဆောင် တောင်သူများအနေဖြင့် လုပ်ငန်းများဖြစ်ထွန်း အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။



ဆက်လက်၍ ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စပါး၊ ပဲ၊ ပြောင်း အပါအဝင် ရာသီသီးနှံများ စိုက်ပျိုးကြသည့် တောင်သူများကဲ့သို့ နှစ်ရှည် အကျိုးအမြတ်ရနိုင်သည့် ဝါးစိုက်ပျိုး လုပ်ကိုင်ကြ သည့် တောင်သူများအတွက်လည်း လိုအပ်သည့် နည်းပညာနှင့်အကူအညီများ ဆောင်ရွက်ပေး လျက် ရှိကြောင်း၊ စိုက်နည်း ပျိုးနည်းများသာမက မျှစ်ထုတ်လုပ်ခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း နည်းပညာများ အသုံးပြုနိုင်ရေးကိုလည်း သက်ဆိုင်ရာပညာရှင်များ ၏ ပညာပေး ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဝါးကုန်ချော လက်မှုလုပ်ငန်းအတွက် နည်းပညာ များ လေ့လာသင်ယူလိုပါက သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းခြင်းများကို တပါတည်းလုပ်ဆောင်ပြီး ယခုဆောင်ရွက်လျက် ရှိသော စီမံကိန်းဒေသ ၏ အောင်မြင်မှု စံနမူနာဖြင့် အခြားဒေသများ၏ ဖွံ့ဖြိုးရေးအတွက်ပါ မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ပြောကြားသည်။




ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဌ နှင့် ဒုတိယဝန်ကြီး တို့က ဝါးပျိုးပင်နှင့် ဓါတ်မြေဩဇာများကို ပေးအပ်ရာ အကျိုးဆောင် တောင်သူများ က လက်ခံရယူခဲ့ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဌ ၊ ဒုတိယဝန်ကြီး နှင့် အခမ်းအနားတက်ရောက်လာကြသူများက ဝါးပင်များ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။



ယနေ့အခမ်းအနားတွင် ကျလို့ဝါးပျိုးပင် အပင်(၂၂၀၀) ကို အကျိုးဆောင်တောင်သူများထံ ပေးအပ်ခဲ့ကြောင်း၊ လယ်ဝေးမြို့နယ် ၊ အောင်သပြေကျေးရွာ နှင့် ပျဉ်းမနားမြို့နယ် ဆိတ်ဖူးတောင်ကျေးရွာများ အတွက် တစ်ရွာလျင် ဝါးစိုက်ခင်း(၅)ဧကစာအတွက် ပျိုးပင်နှင့် သွင်းအားစုများ ထောက်ပံ့ထားကြောင်း၊ ဒေသခံများ၏လက်ရှိ ဆောင်ရွက်နေသော မျှစ်ထုတ်လုပ်ခြင်း အတွက် မျှစ်ထုတ်လုပ်မှု အခြေခံနည်းပညာ သင်တန်း(၆)ကြိမ်ဆောင်ရွက် ပေးပြီးဖြစ်ကြောင်း၊ လာမည့်နှစ် စိုက်ပျိုးရာသီများတွင်လည်း  ဒေသနေပြည်သူများ ဝါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရန် ပျိုးခြံတည်ထောင်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။