မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကို ဇူလိုင်လ (၁၀) ရက်နေ့ နံနက်ပိုင်း က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရုံးခန်းမ ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ စက်မှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ နှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များ အသင်း ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များ၊ အသင်းသား၊ အသင်းဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။





အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာ စကား ပြောကြားရာ ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး‌ကောင်စီ အစိုးရအနေဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ ပြည်သူများ ဝင်ငွေ နှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေး တို့အတွက် အလေးထား ဆောင်ရွက် လျက် ရှိသကဲ့သို့ ပြည်တွင်း စားသုံးဆီ ဖူလုံပိုလျှံရေး အတွက် ပြည်ထောင်စုဝန်ကြီး (၅)ဦး ပါဝင်သော ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးကော်မတီ ကို ဖွဲ့စည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီ အတွင်း စားသုံးဆီ သိသိ သာသာ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် ဆီထွက်သီးနှံ နေကြာ ဧက(၁၅)သိန်း တိုးချဲ့ စိုက်ပျိုးရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ တွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်း အပြောင်းအလဲများကြောင့်  ပြည်တွင်းစားသုံးဆီဖူလုံရေးကို ထိခိုက်မှုမရှိစေရေး နှင့် ဆီထွက်သီးနှံကုန်ကြမ်း တင်ပို့ ရောင်းချနေမှုမှ အရည်အသွေးမြင့်စားသုံးဆီတင်ပို့သော နိုင်ငံအဖြစ် ရပ်တည် နိုင်ရေး စီမံ ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအား စားသုံးသူ ဘေးကင်းလုံခြုံရေး နှင့် သက်ဆိုင်သော အရည်အသွေးမီ စားသုံးဆီများစားသုံးရေး ကျန်းမာရေး အသိပညာ လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးခြင်း၊ စားသုံးဆီများ အရည်အသွေး စံချိန်စံညွှန်းများ နှင့်အညီ ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးအတွက် တည်ဆဲ ဥပဒေများ နှင့် အညီ ကြပ်မတ်ဆောင်ရွက်ခြင်း၊ ဆီထွက်နေကြာတိုးတက်စိုက်ပျိုး ထုတ်လုပ်ရန် လိုအပ်သည့် နေကြာမျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး ဆောင်ရွက် ပေးခြင်း၊ ယင်းလုပ်ငန်းအတွက် ပြည်တွင်း ၊ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများအား ဖိတ်ခေါ်ခြင်း၊ ဆီထွက်သီးနှံစိုက်ပျိုးစရိတ် ပံ့ပိုးမှုအစီအစဉ်အနေဖြင့် နေကြာသီးနှံ စိုက်ပျိုးစရိတ်ကို တစ်ဧကလျှင် ကျပ်(၁၅၀၀၀၀) ချေးငွေ အဖြစ် ပံ့ပိုးပေးခြင်းအပြင် နေကြာ မျိုးစေ့ထုတ်လုပ်သူအတွက် ကျပ်(၈၀၀၀၀)တိုးမြှင့် ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယင်းလုပ်ငန်းများမှာ ယခင်အစိုးရ အဆက်ဆက်ထံ ဆီလုပ်ငန်းရှင်များ တောင်းဆိုခဲ့ကြသော အခွင့်အရေးများ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သော အခြေအနေကောင်းများကို အမိအရဆုပ်ကိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်များ အချင်းချင်းအကြား၊ သက်ဆိုင်ရာ အသင်းအဖွဲ့များ အကြား ညီညီ ညွတ်ညွတ် ပူးပေါင်း ပြီး စားသုံးဆီကဏ္ဍဖွံ့ဖြိုးရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြ ရန် လိုအပ်ကြောင်း၊





လက်ရှိ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု စာရင်းများအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း အထိ တစ်နိုင်ငံလုံး၌ ဆီစက် အကြီးစား(၂၃၀)ကျော် ၊ ဆီစက် အလတ်စား (၉၂၀)ကျော် ၊ ဆီစက်ငယ် (၃၁၀၀)ကျော် ရှိသဖြင့် ဆီစက် အကြီးစားမှာ တစ်နိုင်ငံရှိ ဆီစက်အားလုံး ၏ ၅% သာ ရှိနေပြီး ၊ ဆီစက်အလတ်စား ၂၁% ဆီစက်ငယ် ၇၃% ရှိသည်ကို တွေ့နိုင်ကြောင်း၊ တစ်နှစ်လျင် စားသုံးဆီ ထုတ်လုပ်မှု တန်ချိန် (၆၆၀၀၀)ကျော်သာ ရှိ၍ ဆီစက်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာရေး အတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံရေး သာမက စားသုံးဆီ တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်သည့် အလားအလာ ကောင်းများရှိနေပါကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်ရန် မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်း နှင့် ညီနောင် အသင်းများက ကျရာအခန်းကဏ္ဍများက တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။





ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က အမှာစကား ပြောကြား ရာတွင် စက်မှုဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်း များကို အားပေးကူညီရန် နှင့် စိုက်ပျိုးရေးပစ္စည်းများကို အခြေခံသည့် ကုန်ပစ္စည်းများတိုးတက်ထုတ်လုပ်ရေး အားပေးကူညီလျက်ရှိကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးအတွက် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်အသင်း က လိုအပ်နေသော စက်ယန္တရားကြီးများ ၊ စွမ်းအားမြင့် လယ်ထွန်စက်ကြီးများ ၊ မျိုးစေ့ချစက်များ ၊ ရိတ်သိမ်းခြွေလှေ့စက်များ ထုတ်လုပ်ခြင်း အတွက် လိုအပ်သော နည်းပညာ နှင့် အထောက်အကူပြုလုပ်ငန်းများ၊ နေကြာ ဆီကြမ်းများကို ပြန်လည်သန့်စင်မည့် နည်းပညာ နှင့် စက်ပစ္စည်း ဆိုင်ရာ အသိပညာ များကို ပူးပေါင်းဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။




စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က ပြောကြားရာတွင် ပြည်သူများ၏ နေ့စဉ် စားသုံးမှု၊ စားသောက်ကုန် လုပ်ငန်းများနှင့် စက်မှုကုန်ကြမ်းသုံးစွဲမှုများအတွက် နှစ်စဉ် ဆီတန်ချိန်(၁)သန်းခန့် လိုအပ်မှုကို ပြည်တွင်း ထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်း ဆီလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရေး နှင့် နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှု နှင့် သုံးစွဲမှုအပေါ်အခြေခံပြီး ပြည်ပဆီ တင်သွင်းမှု လျှော့ချရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးလျက်ရှိသကဲ့သို့ တစ်ချိန်တည်း တွင် အဆင့်မြင့်ဆီစက်ကြီးများ ထူထောင်ရန် လိုအပ် လိုအပ်နေမှုအပေါ် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးရန် လိုအပ်သည်များကို အပြည့်အဝ ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။





ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား အစား အသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အစားအစာဘေးကင်း လုံခြုံရေး နှင့် ကုန်ပစ္စည်းအညွှန်းစာများ မှန်ကန်ရေး၊ ကုန်ပစ္စည်း အရည်အသွေး ထိန်းချုပ်ဆောင်ရွက်ရေး လိုအပ်ချက်များ ကို ပြောကြားသည်။





၎င်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း ဥက္ကဋ္ဌ က အသင်းဖြစ်တည်လာမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။





အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ဆီစက်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။