Activities
အမရပူရမြို့နယ်တွင် တောင်သူအကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၆ ရက်နေ့ နံနက်က အမရပူရမြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက် တောင်သူများအား ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်း၊ ဆောင်းသီးနှံစိုက် တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးခြင်း၊ မျိုးစေ့ထုတ် စံပြတောင်သူ အား ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးခြင်းနှင့် အယ်လ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုမှ လျော့နည်းစေရေး စကားဝိုင်းဆွေးနွေးပွဲတို့ကို ကျင်းပြပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဖြိုးအောင်ထွန်း၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမိုးဆွေရည် တို့က တောင်သူများအား ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး အယ်လ်နီညို ရာသီဥတု အကျိုးသက်ရောက်မှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုမှ လျော့နည်းစေရေးအတွက် ကြိုတင်အသိပေး ခြင်းနှင့် ပြင်ဆင်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင် ဥက္ကဌနှင့်အဖွဲ့သည် အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာ၊ တောင်သူ ဦးစောကိုသိန်း ၏ မိုးစပါး R.S to C.S မျိုးစေ့ထုတ် စံပြစိုက်ခင်းသို့ လိုက်လံ ကြည့်ရှုပြီး တောင်သူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်တွင် ယခုနှစ် မိုးစပါးကို ၁၀၆၆၉ ဧက လျာထားခဲ့ပြီး ၁၀၇၄၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆီထွက်သီးနှံ တိုးတက်စိုက်ပျိုးထုတ်လုပ်ရေး ရည်မှန်းချက်ဖြင့် ဆောင်းမြေပဲ ဧက ၃၀၀ ကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများ စိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါက်တာမိုးဆွေရည် ထံမှ သိရသည်။