ဥဇဘက်ကစ္စတန်တွင် ကြက်သွန်နီဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိ
- Fri, 1 December 2023
ဥဇဘက်ကစ္စတန်နိုင်ငံရှိ ကြက်သွန်နီ လက်ကားဈေးနှုန်း အခြေအနေမှာ လွန်ခဲ့သည့် (၃)ပတ်အတွင်း ပြည်ပဝယ်လိုအား လျော့နည်းနေပြီး ပြည်တွင်းဈေးကွက်တွင် ရောင်းလိုအား တိုးလာခြင်းကြောင့် ဈေးနှုန်းမှာ (၁၈%)ကျဆင်းသွားကြောင်း East Fruit မှ ဈေးကွက်ကျွမ်းကျင်သူ များက ပြောပါသည်။
East Fruit ၏ စျေးနှုန်းစောင့်ကြည့်မှုအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့မှ နိုဝင်ဘာလ (၁၀)ရက်နေ့အထိ ကြက်သွန်နီလက်ကားဈေးသည် (၁)ကီလိုလျှင် ဥဇဘက်ကစ္စတန်ငွေ (၂၂၀၀)မှ (၁၈၀၀)သို့ (အမေရိကန်ဒေါ်လာ ၀.၁၈ မှ ၀.၁၅ သို့) ကျဆင်းသွားကြောင်း သိရှိရ ပါသည်။ လက်ရှိ လက်ကားစျေးနှုန်းများသည် ယခင်နှစ်များထက် (၁.၇)ဆ နိမ့်ကျလျက်ရှိပြီး (၂၀၂၁)ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းနှင့် တူညီလုနီးပါးရှိပါသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ နှင့် နိုဝင်ဘာလများတွင် ကြက်သွန်နီဈေးနှုန်း အတော် အတန်မြင့်မားနေခြင်းမှာ ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံရှိ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သည့် နေရာများကို ဖျက်ဆီးခဲ့သည့်အတွက် နိုင်ငံခြားဈေးကွက်တွင် ယူကရိန်းကဲ့သို့သော ပုံမှန် မဟုတ်သည့် ဝယ်လိုအား မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ ပထမ(၁၀)ရက်အတွင်း ဥဇဘက်ကစ္စတန်နိုင်ငံသည် ကြက်သွန်နီ တန်ချိန်(၁၇၁၀၀) တင်ပို့ခဲ့ပြီး ယခုကာလနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီတင်ပို့နိုင်မှု ပမာဏသည် (၁၀)ဆ လျော့နည်းခဲ့ပါသည်။
အခြားတစ်ဖက်တွင် ကုန်သည်များ၏အဆိုအရ ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီ အမြောက်အမြားရှိပြီး ရောင်းလိုအားသည် ဝယ်လိုအားထက် ကျော်လွန်သောအခါ “ဝယ်သူအကြိုက် ဈေးကွက်”ဟုပြောရလောက်သည့် ဈေးကွက်ပုံစံမျိုးဖြစ်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် (2023) ခုနှစ်တွင် ဥဇဘက်ကစ္စတန်ရှိ ကြက်သွန်နီထုတ်လုပ်မှု အလွန်မြင့်မားခြင်းကြောင့် ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လအကုန်တွင် Uzbekistan သည် (၂၀၂၃)ခုနှစ်တွင် စံချိန်တင် ကြက်သွန်ရိတ်သိမ်းနိုင်ဖွယ်ရှိသည်ဟု East Fruit မှရေးသားခဲ့ပါသည်။ ကြက်သွန်ရိတ်သိမ်းမှု ပမာဏ သိသိသာသာတိုးလာနိုင်သည်ဟု ခန့်မှန်းထား
ဆိုပါက ပိုလျှံထုတ်လုပ်မှုကို တင်ပို့ရန် သိသိသာသာ အလားအလာမရှိဟု East Fruit မှ ဈေးကွက် ကျွမ်းကျင်သူများက သတိပေးခဲ့ကြောင်း (၂၀-၁၁-၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော Fresh Plaza ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9578610/onion-prices-in-uzbekistan-continue-to-decline/
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




