ရုရှားနိုင်ငံသည် မြန်မာနိုင်ငံမှ လတ်ဆတ်သော သရက်သီးများနှင့် သရက်သီးခြောက်များ ရောင်းချပေးရန် ကမ်းလှမ်းအဆိုပြု
- Thu, 8 May 2025
မြန်မာနိုင်ငံမှ လတ်ဆတ်သော သရက်သီးနှင့် သရက်သီးခြောက်များကို ဝယ်ယူရန် ရုရှားနိုင်ငံမှ အဆိုပြု ကမ်းလှမ်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရှိရပါသည်။
ရုရှား-မြန်မာ စီးပွားရေးကောင်စီသည် မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များကို ယခုနှစ်မှ စတင်ဝယ်ယူရန် အဆိုပြုထားသည်။ သရက်သီးရောင်းချသူများနှင့် တိုက်ရိုက် ချိတ်ဆက်ရန် အဆင်သင့်ရှိနေကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MTPO)၏ ဖော်ပြချက် အရ သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ရရှိနိုင်သည့် အကောင်းဆုံး သရက်သီးမျိုးစိတ်ဟု ယူဆရသော မြန်မာ့ စိန်တလုံး သရက်သီးကို ရုရှားနိုင်ငံက ဝယ်ယူရန် ဆန္ဒရှိနေပါသည်။ ထို့ကြောင့် ရုရှားသို့ လတ်ဆတ်သော သရက်သီးနှင့် သရက်သီးခြောက်တင်ပို့ရန်အတွက် စိတ်ဝင်စားသည့် သရက် ရောင်းဝယ်သူများနှင့် ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနထံသို့ ဆက်သွယ် ရမည့်ပုဂ္ဂိုလ်၏ အချက်အလက်၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာများပေးပို့ရန် မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့(MTPO)မှ ကြေညာထားပါသည်။
မြန်မာနိုင်ငံတွင် သရက်သီး မျိုးကွဲပေါင်း တစ်ရာကျော်ရှိသည့်အနက် စိန်တလုံးမျိုးနှင့် ရွှေဟင်္သာ မျိုးများကို တရုတ်၊ စင်္ကာပူနှင့် ဥရောပနိုင်ငံအချို့သို့ အဓိက တင်ပို့ကြောင်း၊ သရက်သီး နှစ်စဉ် ထွက်ရှိမှုမှာ တန်ချိန် (၂)သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏အချက်အလက်များအရ သိရှိရကြောင်းကို (၂၆. ၃. ၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်သည့် Global News Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။