ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကြက်သွန်နီများ လှိုင်လှိုင်ထွက်ရှိသည့်အချိန် ဖြစ်သော်လည်း ဈေးနှုန်းများ မြင့်တက်လာ

  • Thu, 8 May 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကြက်သွန်နီများ လှိုင်လှိုင်ထွက်ရှိသည့်အချိန် ဖြစ်သော်လည်း ဈေးနှုန်းများ မြင့်တက်လာ


ယခုအခါ  ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ  မီးဖိုချောင်အတွက် မရှိမဖြစ်လိုအပ်သော ဆန်၊ ပဲပုပ်ဆီနှင့် ဟင်းသီးဟင်းရွက်များနှင့်အတူ ကြက်သွန်နီများ လှိုင်လှိုင်ထွက်ရှိနေသည့် အချိန်၌ဖြစ် သော်လည်း ဈေးနှုန်းမြင့်တက်လာသည်။

ဒါကာမြို့၏ စားဖိုချောင်ဈေးကွက်တွင်  ပြည်တွင်း၌ စိုက်ပျိုးထားသော  ကြက်သွန်နီ များသည် လွန်ခဲ့သည့် တစ်ပတ်ကထက် အမေရိကန်ဒေါ်လာ (၀.၅၀) မှ (၀.၅၅)အထိမြင့်တက်ခဲ့ပြီး တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၀.၆၄)ဝန်းကျင်ဖြင့် ရောင်းချနေပါသည်။

ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုကော်ပိုရေးရှင်း (TCB)မှ အချက်အလက်များအရ မြို့တော်ရှိ လက်လီစျေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၀.၃၆)မှ (၀.၅၉)အကြားရှိကာ အစောပိုင်းလနှင့် နှိုင်းယှဉ်ပါက (၂၃.၅%) တိုးလာကြောင်း ညွှန်ပြနေသည်။

TCB ၏ အချက်အလက်များအရ  လွန်ခဲ့သော  တစ်ပတ်က စျေးနှုန်းများသည် တစ်ကီလို ဂရမ်လျှင် အမေရိကန်ဒေါ်လာ (၀.၃၆-၀.၅၀)ကြားရှိခဲ့သည်။

Pabna နှင့် Faridpur ကဲ့သို့သော ကြက်သွန်နီအဓိကစိုက်ပျိုးသည့်ခရိုင်များမှ တောင်သူ များနှင့်အတူ ဒါကာရှိ လက်လီရောင်းချသူများနှင့်လက်ကားရောင်းချသူများက လွန်ခဲ့သည့် သုံးပတ် ခန့်အထိ စိုက်ကွင်းများမှ ကြက်သွန်နီများကို တိုက်ရိုက်ရောင်းချနေဆဲဖြစ်ကြောင်း အစီရင်ခံ ခဲ့သည်။

သို့သော်လည်း ယခုအခါ သီးနှံများအားလုံး ရိတ်သိမ်းပြီးဖြစ်၍ အရည်အသွေးမြင့် သောထွက်ကုန်များကို သိုလှောင်သိမ်းဆည်းလျက်ရှိပါသည်။

အစောပိုင်းတွင် တောင်သူအများအပြားသည် စိုက်ပျိုးစရိတ်များ ပြန်လည်ကာမိစေရန် အတွက် ကြက်သွန်နီများကို ဈေးကွက်သို့ အလျင်အမြန်တင်ပို့ခဲ့ကြပြီး ခေတ္တအားဖြင့် ရောင်းလိုအား များလာခဲ့ကာ ဈေးနှုန်းများ လျော့ကြခဲ့သည်။

ယခုအခါ တောင်သူများသည် သီးနှံအားလုံးရိတ်သိမ်းပြီးသောအခါ အရည်အသွေးမြင့် ကြက်သွန်နီများကို အချိန်ကြာရှည်စွာ သိုလှောင်ထားခြင်းဖြင့် ရောင်းချချိန်ကို ပိုမိုလွယ်ကူချောမွေ့ စေပါသည်။

ပြည်တွင်းစိုက်ပျိုးသူများ  မျှတသောဈေးနှုန်းရရှိစေရန်အတွက်  အစိုးရက  ကြက်သွန်နီ တင်သွင်းမှုကို မတ်လမှစတင်၍ ရပ်ဆိုင်းထားကြောင်း စိုက်ပျိုးပညာပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး

Md Abdur Rahim က မှတ်ချက်ပြု၍ ပြောသည်။

ကြက်သွန်နီကို ဒီဇင်ဘာလတွင် စိုက်ပျိုးကြပြီး မတ်လ သို့မဟုတ် ဧပြီလဝန်းကျင်တွင် ဈေးကွက်သို့ ရောက်ရှိကြသည်။

အစောပိုင်းတွင်  လယ်သမားများက စျေးကွက်ပေါက်ဈေးသည် ထုတ်လုပ်မှုစရိတ်အောက် ကျဆင်းသွားခြင်းအပေါ် စိုးရိမ်ပူပန်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ကြသည်။

စိုက်ပျိုးရေးအတွင်းရေးမှူး Mohammad Emdad Ullah Mian ၏ ပြောကြားချက်အရ လယ်သမားများသည် ယခုရာသီတွင် ကြက်သွန်နီတစ်ကီလိုဂရမ်ထွက်ရှိစေရန်  အမေရိကန်ဒေါ်လာ ၀.၃၂ မှ ၀.၄၄ ကြား သုံးစွဲခဲ့ကြသည်။

DAE မှ စုစုပေါင်းအထွက်မှာ တန်ချိန် ၃၉ သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားပြီး ရိတ်သိမ်း ချိန်လွန်ကာလ ဆုံးရှုံးမှုကို ကာမိစေရန် နောက်ထပ်တန်ချိန် (၆)သိန်းမှ (၇)သိန်းအထိ တင်သွင်းရန် လိုအပ်သည်ဟု ခန့်မှန်းထားသည်။

စိုက်ပျိုးရေးအတွင်းဝန်  Mian  မှ  မျှတသောလက်လီစျေးနှုန်းသည်  ထုတ်လုပ်မှုကုန်ကျ စရိတ်ထက် (၁၅-၂၀%) အတွင်းကိုထည့်သွင်းစဉ်းစားပြီး တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၀.၅၅) ဝန်းကျင်ဖြစ်သင့်သည်ဟု ပြောကြားခဲ့သည်။

"ကြက်သွန်နီကို လက်လီဈေးမှာ အမေရိကန်ဒေါ်လာ (၀.၅၅)အောက် ရောင်းချပါက လယ် သမားများ အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်" ဟု Mian က ဆိုသည်ကို (၂၅. ၄. ၂၀၂၅) ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.freshplaza.com သတင်းကွန်ယက်၏ ဆောင်းပါးမှတဆင့် သိရှိခဲ့ ရသည်။


Source https://www.freshplaza.com/europe/article/9725803/onion-prices-surge-in-bangladesh%20-despite-peak-harvest-season/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ခုနှစ်၊ ဧပြီလ(၃၀) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ