MFVP သည် အုန်းမှုတ်ခွက် လက်မှုပစ္စည်း ရောင်းချသူများကို ကိုရီးယားဈေးကွက်ကို တင်ပို့ရန် တိုက်တွန်း
- Wed, 28 May 2025
မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း (MFVP) မှ အုန်းမှုတ်ခွက်များကို ကိုရီးယားသမ္မတနိုင်ငံသို့ တင်ပို့ရန်အတွက် MFVP ၀၉၄၃၁၂၇၆၅၆ မှတစ်ဆင့် စိုက်ပျိုးသူများနှင့် တင်သွင်းသူများထံ ဆက်သွယ်အကြောင်းကြား ခဲ့ပါသည်။
မြန်မာနိုင်ငံသည် ACEMES-ROK ရန်ပုံငွေဖြင့် (၂၀၂၃)ခုနှစ်၊ မေလမှ (၂၀၂၄) ခုနှစ် ဧပြီလ အတွင်း“အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ပြီး အုန်းမှုတ်ခွံ လက်မှုပညာသင်တန်းများပို့ချပေးခဲ့ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ထံမှ သိရပါသည်။
သင်တန်းတွင် စွန့်ပစ် အုန်းမှုတ်ခွက်များမှ စီးပွားဖြစ်တန်ဖိုးရှိသည့် လက်မှုပညာများ ဖြစ်သည့် အုန်းမှုတ်ခွက်များ ရွေးချယ်ခြင်း၊ ပုံကြမ်းရေးဆွဲခြင်း၊ ပန်းချီဆွဲခြင်း၊ အလှဆင်ခြင်း၊ ထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် လွန်၊ စူးစက်များအသုံးပြု၍ အရောင်တင်ခြင်းနှင့် အခြောက်ခံခြင်း နည်းလမ်းများကို ပို့ချသွားမည်ဖြစ်ပါသည်။ ဒီဇိုင်းရေးဆွဲခြင်းအတွက် အခြေခံပုံဆွဲပညာရပ်ကိုလည်း သင်ကြားပေးမည် ဖြစ်ပါသည်။
သင်တန်းသားများသည် အုန်းသီးအခြေခံ ဘုရားမီးဆိုင်းများ၊ လိုက်ကာများ၊ သော့ချိတ် များ၊ မီးအိမ်များနှင့် နားကပ်ပြုလုပ်နည်းများကို သိရှိခွင့်ရရှိမည်ဖြစ်ပါသည်။ သင်တန်းတွင် ဘုရား မီးဆိုင်းများနှင့် မီးအိမ်များကို လက်တွေ့ကျကျ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဆင်းလက်မှတ် များလည်း ရရှိမည်ဖြစ်ပါသည်။
အုန်းသီးအခြေခံထုတ်ကုန်ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲကို (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီ (၂၂) ရက်မှ (၂၄) ရက်အထိ ပုသိမ်မြို့တွင် သုံးရက်ကြာ ကျင်းပခဲ့ပါသည်။
အုန်းသီးခြောက်နှင့် အုန်းသီးအစို နှစ်မျိုးစလုံးသည် ကျန်းမာရေး အကျိုးကျေးဇူး အမျိုးမျိုးကို ပေးပါသည်။ အုန်းသီးကို မြန်မာနိုင်ငံတွင် ဘာသာရေးပွဲများ၌ အသုံးပြုကြပြီး ရိုးရာသွားရည်စာနှင့် ဟင်းပွဲများတွင် အများဆုံးအသုံးပြုကြပါသည်။ ထို့အပြင် အလှကုန်နှင့် အာရှအစားအစာများတွင် တွင်ကျယ်စွာ အသုံးပြုလာသောကြောင့် ဒေသတွင်းနိုင်ငံများတွင် အုန်းသီးလုပ်ငန်းများ ထွန်းကား လာခဲ့ပါသည်။ ထို့အပြင် ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ကိုလည်း တင်ပို့ပါသည်။
အုန်းစိမ်းရေသည် အုန်းသီးခြောက်များထက် ဗီတာမင်စီ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B၊ အမိုင်နိုအက်ဆစ်၊ ကြေးနီနှင့် အခြားသတ္တုဓာတ်များ) ကို ထောက်ပံ့ပေးပါသည်။
အုန်းရေတွင်ပါဝင်သော အာဟာရဓာတ်များနှင့် ဗီတာမင်များသည် ကိုယ်ခံအားစနစ်ကို မြှင့်တင် ပေးပြီး အပင်ဟော်မုန်းဖြစ်သည့် cytokinin ပါဝင်သောကြောင့် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပြီး ကင်ဆာကို တားဆီးပေးနိုင်သော ဂုဏ်သတ္တိများရှိကြောင်း အာဟာရပညာရှင် များက ပြောပါသည်။ အုန်းရေသည် ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် ချွေး အလွန်အကျွံ ထွက်ခြင်းတို့ကြောင့် ရေဓာတ်ခန်းခြောက်ခြင်းကို ကုသပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး ပါသည်။ ထို့အပြင် အုန်းရေတွင် ရေ (၂၀၀-၁၀၀၀) မီလီလီတာ ပါဝင်သောကြောင့် ကိုလက်စထရော နည်းသော သဘာဝဖျော်ရည် ဖြစ်ပါသည်။
အုန်းကို ရခိုင်ပြည်နယ်တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် စိုက်ပျိုး ပါသည်။ အုန်းပင်များသည် နေရောင်ခြည်ကောင်းစွာ ရရှိပြီး ပုံမှန်မိုးရေချိန် (၃၀-၇၀ လက်မ)တွင် ရှင်သန်နိုင်ပါသည်။ မြန်မာပြည်တွင် ပင်ရှည်မျိုး၊ ပင်ပုမျိုးနှင့် လိမ္မော်ရောင်ရှိသော မျိုးစိတ်များဟူ၍ အုန်းပင် အမျိုးအစား (၃)မျိုးရှိပါသည်။ ပင်ရှည်မျိုးမှ အုန်းလက်များကို အုန်းလက်အမိုးအဖြစ် အသုံးပြုကြပါသည်။ ပင်ပုမျိုးများကို ဒေသအလိုက် ဝက်မလွတ်ဟု ခေါ်ပါသည်။ လိမ္မော်ရောင် မျိုးစိတ်ကို တော်ဝင် အုန်းသီး (အုန်းရွှေဝါ)ဟု ခေါ်ပါသည်။
ပင်ရှည်မျိုးများသည် ခုနစ်နှစ်မှ ဆယ်နှစ်၊ ပင်ပုမျိုးသည် သုံးနှစ်မှ ငါးနှစ်နှင့် လိမ္မော်ရောင် မျိုးစိတ်များသည် ငါးနှစ်မှ ခုနစ်နှစ်တို့တွင် အသီးသီးပါသည်။ အုန်းသီး၏ နှစ်စဉ်အထွက်နှုန်းမှာ တစ်ဧကလျှင် အုန်းသီးခိုင် (၅၀၀၀)ခန့် ထွက်ရှိပါသည်။
မြန်မာနိုင်ငံသည် နှစ်စဉ် အုန်းသီး သန်း(၄၀၀)ကျော် ထွက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးသည် အုန်းသီး သန်း (၁၃၀) ကျော်ဖြင့် အုန်းသီးအများဆုံးထွက်ရှိသော ဒေသဖြစ်ကြောင်း (၂၃-၅-၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရ ပါသည်။
Source https://www.gnlm.com.mm/mfvp-urges-dry-coconut-shell-suppliers-to-tap-korean-market/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ မေလ (၂၈) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန