စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မြေနိမ့် ကော်ဖီစိုက်ပျိုးတောင်သူများအား ပံ့ပိုးကူညီ
- Thu, 23 October 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် အောက်တိုဘာလ (၉) ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၁၅)၌ စိုက်ပျိုးထားသည့် ကော်ဖီ တစ်ဧက စိုက်ကွင်းထဲတွင် (၁)လမှ (၉) လအတွင်း ကော်ဖီပင် ပန်းပွင့်ခြင်းနှင့် ကော်ဖီသီးများ ခူးဆွတ်ခြင်းတို့ကို သွားရောက် ကြည့်ရှုခဲ့သည်။ ထို့နောက် ရုံးအမှတ်(၃၆)ရှိ မြေနိမ့် ကော်ဖီစိုက်ခင်း (၅)ဧက နှင့် ရုံးအမှတ်(၅၀)ရှိ ကော်ဖီစိုက်ခင်း(၀.၅)ဧက တို့ကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်။
ကြည့်ရှုစစ်ဆေးစဉ်အတွင်း တာဝန်ရှိသူများက မိုးဦးကျ သစ်ပင်စိုက်ပျိုးပွဲတော် အချိန်က စိုက်ပျိုးထားသော နှစ်ရှည်ပင်များ၏ အရိပ်အောက်တွင် ကော်ဖီစိုက်ပျိုးခြင်းနှင့် အပင်သက်တမ်းအ လိုက်ကြီးထွားမှုအဆင့်များအကြောင်း ရှင်းလင်းခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက နေပြည်တော်နှင့် မြေနိမ့်ဒေသများရှိ မြေနိမ့်ကော်ဖီ အောင်မြင်စွာ စိုက်ပျိုးနည်းများကို ပြည်သူလူထုထံ ပျံ့နှံ့စေရန်နှင့် ကော်ဖီစိုက်ပျိုးသူများအား စည်းမျဉ်းစည်းကမ်း များနှင့်အညီ လက်တွေ့သရုပ်ပြသင်ကြားပေးကာ လိုအပ်သည့် အကူအညီများ ပေးအပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။
ရိုဘတ်စတာ ကော်ဖီပင်ကို ပင်လယ်ရေမျက်နှာပြင်မှ ပေ (၂,၅၀၀) အောက် မြေနိမ့်ဒေသ များတွင် သရက်ပင်၊ သီဟိုဠ်ပင်၊ မက္ကာဒေးမီးယားပင်နှင့် ရာဘာပင် အစရှိသော အရိပ်ပင်များ အောက်၌ အထူးကောင်းမွန်စွာ စိုက်ပျိုးနိုင်ပြီး ၎င်းသည် အပင်ကြီးထွားမှုနှင့် ထုတ်လုပ်မှုအတွက် အထောက်အကူပြုပါသည်။ ထို့အပြင် ကမ်းရိုးတန်းဒေသများတွင် ကွမ်းသီးပင်၏ ကြားထဲ၌လည်း ကောင်းစွာ ဖြစ်ထွန်းနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လွယ်ကူစွာ စီမံခန့်ခွဲနိုင်သည့် စိုက်ပျိုးရေးမှ စီးပွားဖြစ်စိုက်ပျိုးနိုင်သည်အထိ သင့်တော်ပါသည်။ ရိုဘတ်စတာ ကော်ဖီသည် စီးပွား ဖြစ် တန်ဖိုးရှိသော သီးနှံတစ်မျိုးဖြစ်သောကြောင့် စိုက်ပျိုးလိုသော တောင်သူများသည် နည်းပညာ ဆိုင်ရာ အကူအညီများ အပါအဝင် လိုအပ်သည့် အထောက်အပံ့များအတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာန (ရုံးအမှတ်-၁၅) သို့ ဆက်သွယ်နိုင်ပါကြောင်းအား (၁၄.၁၀.၂၀၂၅) ရက် နေ့တွင် ထုတ်ပြန်ခဲ့ သော Global New Light Of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/moali-supports-lowland-coffee-farmers/
တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၂၂) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန