မြန်မာနိုင်ငံသည် တစ်ဧကလျှင် ရာဘာအထွက်နှုန်း ပေါင် ၁,၀၀၀ အထက်သို့ မြှင့်တင်ရန် စတင်ဆောင်ရွက်

  • Thu, 30 October 2025

မြန်မာနိုင်ငံသည် တစ်ဧကလျှင် ရာဘာအထွက်နှုန်း ပေါင် ၁,၀၀၀ အထက်သို့ မြှင့်တင်ရန် စတင်ဆောင်ရွက်


စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ နှစ်ရှည်သီးနှံဌာနခွဲ (ရုံးချုပ်)မှ စက်မှုကုန်ကြမ်း သီးနှံ တစ်ခုဖြစ်သော ရာဘာ၏ ထုတ်လုပ်မှုအထွက်နှုန်းကို တစ်ဧကလျှင် ပေါင် ၁,၀၀၀ ကျော် အထိမြှင့်တင်ရန် ပန်းတိုင်အထွက်နှုန်းအဖြစ် စီမံချက်များရေးဆွဲ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။

တစ်ဧကလျှင် ပေါင် ၁,၀၀၀ ကျော် ထွက်ရှိရေး ပန်းတိုင်သို့ ရောက်ရှိအောင် ဆောင်ရွက် ခြင်းဖြင့် မြန်မာနိုင်ငံ၏ စုစုပေါင်းရာဘာထုတ်လုပ်မှုနှင့် တင်ပို့မှုကို မြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံ၏ ပို့ကုန် ဝင်ငွေအမေရိကန်ဒေါ်လာတစ်ဘီလီယံခန့် ရရှိလာနိုင်ကြောင်း သိရသည်။

နှစ်ရှည်သီးနှံဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက "ရာဘာထုတ်လုပ်မှု တိုးမြှင့်နိုင်ရန် လုပ်ငန်းရှင် များနှင့် စိုက်ပျိုးသူတောင်သူများ လက်တွေ့ကျကျဆောင်ရွက်နိုင်မည့် နည်းလမ်းများကို သုတေသန ပြု၍ ချမှတ်ထားပါသည်။ ကမ္ဘာ့ရာဘာဈေးကွက်အတွင်း ပိုမိုကြီးမားသော ရှယ်ယာများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထုတ်လုပ်မှုပမာဏ မြှင့်တင်နိုင်ရန် အတွက် ရာဘာခြံအိုများရှိ သက်တမ်းရင့် ရာဘာပင် အဟောင်းများကို အစားထိုးပြီး ပြန်လည် စိုက်ပျိုးမည့်အပင်အသစ်၊ အရည်အသွေးမြင့်၊ မျိုးသန့်ရာဘာမျိုးများ ပြန်လည်စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကို ပိုမိုမြှင့်တင် နိုင်မည်ဖြစ်သည်။ ထိုသို့ အရည်အသွေးမြင့် မျိုးသန့်ရာဘာမျိုးများကို စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည် သီးနှံ ဌာနခွဲလက်အောက်ရှိ မျိုးပွားခြံများမှသာမက လိုင်စင်ရ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်သူများထံမှ လည်း ရယူနိုင်ပါသည်" ဟု ရှင်းပြခဲ့သည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရာဘာခြံများ၏ ပျမ်းမျှထွက်နှုန်းမှာ တစ်ဧကလျှင် ၇၂၇.၄၈ ပေါင် ထွက်ရှိခဲ့သည်။ ယခု ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရာဘာစိုက်ဧက စုစုပေါင်း ၁.၅ သန်း ကျော်ရှိပြီး ၎င်းတို့သည် အဓိကအားဖြင့် တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီးများနှင့် မွန်၊ ကရင်၊ ရှမ်းပြည်နယ်များတွင် စိုက်ပျိုးထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ရာဘာတင်ပို့မှု၏ ၇၅ ရာခိုင် နှုန်းခန့်သည် တရုတ်နိုင်ငံသို့ တင်ပို့ပြီး အခြားတင်ပို့သည့်နိုင်ငံများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများ ပါဝင်သည်ဖြစ်ကြောင်းကို (၂၃-၁၀-၂၀၂၅) ရက် နေ့ထုတ် Global New Light Of Myanmar  သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/myanmar-launches-plan-to-raise-rubber-yield-above-1000-pounds-per-acre/


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ  (၂၉) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ