ကမ္ဘောဒီးယားနိုင်ငံသည် အစားအသောက်၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စံချိန်စံညွှန်း(SPS) များနှင့် ကိုက်ညီသော သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ တင်ပို့မှု စတင်
- Thu, 30 October 2025
ကမ္ဘောဒီးယားနိုင်ငံသည် အစားအသောက်၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စံချိန် စံညွှန်း (SPS) ကို အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နာနတ်သီး၊ ပိန္နဲသီးနှင့် သရက်သီး များကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု စီစဉ်ထားပါသည်။ဤလုပ်ဆောင်ချက် သည် နိုင်ငံ နှစ်ခု ကြား ကိုက်ညီမှုဖြင့် စိုက်ပျိုးရေး ထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားမှု ကျယ်ပြန့် တည်ငြိမ် စေရေးနှင့် တင်ပို့ရေးလုပ်ငန်းစဉ်များ ချောမွေ့စေရေးအားထုတ်မှုများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ် သည်။
ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တော နှင့် ရေလုပ်ငန်း ဝန်ကြီး Dith Tina နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) မှ ဝန်ကြီး Sun Meijun တို့ ဆွေးနွေးမှုအပြီးတွင် ဤကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲကို ရှန်ဟိုင်းမြို့ တွင် စက်တင်ဘာ (၁၄)နှင့်(၁၅)ရက်နေ့များက ကျင်းပခဲ့သော "တရုတ်-ကမ္ဘောဒီးယား Belt and Road ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာအဖွဲ့ဝင် နိုင်ငံများ ပို့ကုန် သွင်းကုန် အစားအစာဘေးကင်းရေး ယန္တရားဆိုင်ရာ ဒုတိယအကြိမ်ညီလာခံ" အတွင်း၌ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်စလုံးသည် နာနတ်သီး၊ပိန္နဲသီး နှင့် သရက်သီး အပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့နိုင်ရန်အတွက် SPS ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်းနှင့် အတည်ပြုခြင်း လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။ ဤလုပ်ဆောင်ချက်များသည် ကမ္ဘောဒီးယားထွက်ကုန်ပစ္စည်းများကို တရုတ်၏ သွင်းကုန်စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန်နှင့် အစားအစာဘေးကင်းရေးနှင့် အရည်အသွေးတို့တွင် ကိုက်ညီသေချာစေရန် ရည်ရွယ်ပါသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနသည် တင်ပို့ရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန်အတွက် လယ် သမားများနှင့် ထုတ်လုပ်ရေးကုမ္ပဏီများအား စိုက်ပျိုးရေးဆိုင်ရာအကျင့်ကောင်းများ (GAP) နှင့် ထုတ်လုပ်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများ (GMP) တို့ကို အသုံးပြုရန် တိုက်တွန်းထားသည်။ အရာရှိများက ဤနည်းလမ်းများ အကောင်အထည်ဖော်ခြင်းဖြင့် တရုတ်၏ ပိုးမွှားရောဂါ ကင်းရှင်း
ရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစေရန်နှင့် ကမ္ဘောဒီးယား သစ်သီးဝလံများအတွက် ဈေးကွက်ဝင်ရောက်ခွင့် မြှင့်တင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် စိုက်ပျိုးရေးထုတ်ကုန်တန်ချိန် (၁၂)သန်းခန့် ကို ဈေးကွက် (၉၅) ခုသို့ တင်ပို့ခဲ့ရာ၊ ၎င်း၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၅.၂) ဘီလီယံကျော် ရှိပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၃၉)% မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့ကဲ့သို့ပင် ကမ္ဘောဒီးယား သစ်သီးဝလံများ၏ အဓိက တင်ပို့ရာနိုင်ငံများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနက အစားအသောက်၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စံချိန်စံ ညွှန်း (SPS) သဘောတူညီချက် မဟာဗျူဟာလုပ်ငန်းစဉ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယား၏ နာနတ်သီး၊ ပိန္နဲသီးနှင့် သရက်သီးများအတွက် ကြိုတင်ခန့်မှန်းနိုင်သော ဈေးကွက် ဝင်ရောက်မှုကို အထောက်အကူပြုရုံသာမက ထုတ်လုပ်သူများ၊ တင်ပို့သူများနှင့် စည်းမျဉ်းထိန်း သိမ်းရေး အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်ပေးလိမ့်မည်ဟု ပြော ကြားခဲ့ပါကြောင်းအား (၂၃.၁၀.၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza သတင်း ဆောင်းပါး အရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9777752/cambodia-to-start-sps-approved-fruit-exports-to-china/
တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




-80x80.jpg)





