စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် ပဲပုပ်ကြိတ်ဖတ်နှင့် ပဲပုပ်ဆီ ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲမည့် စီမံကိန်းစတင်
- Sat, 8 November 2025
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပဲပုပ်ကြိတ်ဖတ်နှင့် ပဲပုပ်ဆီ ကိုယ်ပိုင်ဖူလုံရေးအတွက် ပဲပုပ်စေ့ကြိတ်ခွဲမှုစီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၅) အောက်တွင် စားသုံး ဆီနှင့် ပဲပုပ်ကြိတ်ဖတ် ကိုယ်ပိုင်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲမှုစီမံကိန်း၏ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အခြေပြုအစည်းအဝေးကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ နဝရတ်ခန်းမ၌ ကျင်းပခဲ့ပါ သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံ ငွေဖြင့် လူမှုစီးပွားရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။ မြန်မာနိုင်ငံတွင် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ် ဖူလုံရေး အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများမှ တစ်ဆင့် ပဲပုပ်စေ့ ကြိတ်ခွဲထုတ်လုပ်သည့် စက်ရုံတည်ဆောက်ခြင်းသည် စိုက်ပျိုးရေး သုတေသန ညွှန်ကြားရေးဦးစီးဌာနမှ ယခင်က ရရှိခဲ့သော အောင်မြင်မှုများကို မှတ်တမ်းတင်လျက် စတင်အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာဈေးကွက်များမှ စားသုံးဆီ၏ ၅၈ ရာခိုင်နှုန်းခန့်ကို တင်သွင်း နေရသဖြင့် နိုင်ငံခြားငွေများစွာ အသုံးပြုနေရသည်။ ပဲပုပ်ကြိတ်ဖက်သည် မွေးမြူရေးကဏ္ဍအတွက် အလွန်အရေးပါပြီး တစ်နှစ်လျှင် ပဲဖြူစေ့ဖက် မက်ထရစ်တန် ၆ သိန်းခန့် တင်သွင်းနေရသည်။ ပြည်တွင်းထုတ်ကုန်များဖြင့် ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဤစီမံကိန်းသည် ပြည်တွင်းစွမ်းရည်၊ သုတေသနနှင့် နည်းပညာ များဖြင့် အဆိုပါလိုအပ်ချက်များကို ဖြေရှင်းရန်နှင့် အရည်အသွေးမြင့် ပဲပုပ်များ ထုတ်လုပ်နိုင်ရန် ဗျူဟာမြောက် ချဉ်းကပ်မှုတစ်ရပ်ဖြစ်သည်။ ဤစီမံကိန်း၏ အဓိကရည်မှန်းချက်များမှာ ပဲပုပ်စေ့ စိုက်ပျိုးခြင်းမှသည် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖက်ကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန်များအထိ ထုတ်ကုန်တန်ဖိုးကွင်းဆက်တစ်ခုလုံးကို အားကောင်းလာစေရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားခဲ့သည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အခြေပြုအစည်းအဝေး၏ ရည် ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စီမံကိန်းတာဝန်ခံမှ စီမံကိန်းအစီအစဉ်များကို
တင်ပြခဲ့ပြီး တက်ရောက်လာသူများကလည်း ထိရောက်အောင်မြင်သော စီမံကိန်းစီမံခန့်ခွဲမှု အတွက် အကြံပြုချက်များ တင်ပြဆွေးနွေးခဲ့ကြောင်းကို (၂၈.၁၀.၂၀၂၅) ရက်နေ့ထုတ် Global New Light of Myanmar ၏ သတင်းဆောင်းပါးအရ သိရှိခဲ့ရသည်။
Source https://www.gnlm.com.mm/agri-research-dept-to-launch-soybean-crushing-project-for-meal-self-sufficiency/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန







-80x80.jpg)


