အိန္ဒိယနိုင်ငံသည် ယခင်နှစ်၏ ကြက်သွန်နီတင်ပို့မှု တန်ချိန် ၁.၁၅ သန်းထက် ယခုနှစ်တွင် ပိုမိုတင်ပို့နိုင်မည် "
- Wed, 12 November 2025
အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီထွက်ရှိမှုသည် မဟာရာရှထရာပြည်နယ်ရှိ နာရှစ်၊ အမ္မဒါနဂါ၊ ပူနီ၊ ဂျာဂေါန်စသည့် အဓိကစိုက်ပျိုးသည့် ဒေသများအပြင် မဒ္ဒိယပြည်နယ်၊ ဂူဂျာရတ်နှင့် ကန်နာတာကာ ပြည်နယ်တို့တွင်လည်း ထွက်ရှိကြောင်း သီးနှံပို့ကုန်တင်ပို့သူ Universe Exports ၏ Mr.Pravin Changdevrao Wankhade က ပြောသည်။ "ပုံမှန်ရိတ်သိမ်းမှုနှင့် သယ်ယူပို့ဆောင်ရေး ကွင်းဆက် ချောမွေ့မှု၊ အစိုးရ၏ အရံသိုလှောင်မှုများဖြင့် ထောက်ပံ့ပေးမှုနှင့် အိန္ဒိယအမျိုးသားစိုက်ပျိုးရေး စီးပွားရေးအသင်းချုပ်မှ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာပေးမှုတို့ကြောင့် ဈေးနှုန်းတည်ငြိမ်မှု ကို ထိန်းသိမ်းထားပြီး ပို့ကုန်များ တည်ငြိမ်စွာ ရောင်းချနိုင်ခဲ့သည်။"
Wankhade ၏ အဆိုအရ "အခွံအနီရောင်ဖျော့ဖျော့ကြက်သွန်နီ (Light Red Onions) များသည် သိုလှောင်သက်တမ်း ပိုရှည်ကြာသည့်အတွက် ပို့ကုန်ဈေးကွက်တွင် အဓိကကျလာပါ သည်။ နာရှစ်က အခွံအနီရောင်ကြက်သွန်နီများသည် အမွှန်ဓါတ်နည်းသောကြောင့် အထူးသဖြင့် နိုင်ငံတကာတွင် ပိုနှစ်သက်ကြပါတယ်။ ပါကစ္စတန်နှင့် အီဂျစ် ကြက်သွန်နီများ ထက် အရှေ့အလယ် ပိုင်း ဈေးကွက်များတွင် ပိုမိုနှစ်သက်ကြပါသည်။ Bellary Rose Onion ကြက်သွန်နီများသည် တောင်အိန္ဒိယလူမျိုးစုများ၏ sambar ဟင်းချက်နည်းများတွင် အသုံးပြုခြင်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် ဟင်းသီးဟင်းရွက် အတွက် အခြောက်အလုံးလိုက် အသုံးပြုခြင်းကို ကြိုက်နှစ်သက်ကြ၍ လူကြိုက်များပါသည် ဟု သူက ပြောပါသည်။"
ယခုနှစ်အတွက် ကြက်သွန်နီထုတ်လုပ်မှုသည် ရာသီဥတုအခြေအနေကောင်းမွန်မှုကြောင့် ပြီးခဲ့သည့်နှစ်ထက် ပိုမိုမြင့်မားကြောင်း ၊ ကြက်သွန်ဥဖြစ်ထွန်းမှု ပိုမိုကောင်းမွန်လာပြီး အရောင် ညီညာမှုရှိလာသည်ဟု Wankhade က မျှဝေပြောကြားခဲ့သည်။ "ကြက်သွန်နီများတွင် ကျစ်လစ် သိပ်သည်းမှုရှိခြင်း၊ အစိုဓာတ်နည်းခြင်းနှင့် သိုလှောင်သက်တမ်းရှည်ခြင်းစသည့် အရည်အသွေးများ ပိုမိုကောင်းမွန်လာခြင်းကြောင့် ပျက်စီးမှုနှုန်း လျော့နည်းကာ ပြည်တွင်းရောင်းချသူများနှင့် ပို့ကုန် ကုန်သည်များ နှစ်ဦးစလုံး အကျိုးကျေးဇူးရရှိကြောင်း" သူမှ မှတ်ချက်ပြုခဲ့သည်။
ကြက်သွန်နီ တင်ပို့ရောင်းချမှုရာသီသည် အောက်တိုဘာလမှ စတင်ကာ ဧပြီလအထိ ဖြစ်ပြီး ဒီဇင်ဘာလမှ ဖေဖော်ဝါရီလထိတွင် အများဆုံး တင်ပို့ရောင်းချမှု ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
Wankhade က ဒေသအချို့တွင် ရာသီဥတုမမှန်ခြင်းကြောင့် မိုးရွာသွန်းမှုများရှိပြီး ကြန့်ကြာမှု များနှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ အနည်းငယ်မြင့်တက်ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း သယ်ယူထောက်ပံ့ရေးစနစ်သည် ယခုအခါ တည်ငြိမ်လာပြီး ဈေးကွက်အနေအထားလည်း အပြု သဘော ဆောင်နေဆဲဖြစ်ကြောင်း ထောက်ပြခဲ့သည်။
Wankhade မှ ဒူဘိုင်းသည် အဓိကဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး အိန္ဒိယ ကြက်သွန်နီများသည် ယင်းဈေးကွက်၏ (၇၀) % ခန့်ကို ရယူထားကြောင်း ထောက်ပြခဲ့သည်။ "အိန္ဒိယကြက်သွန်နီများကို နှစ်သက်သော နိုင်ငံခြားသား အသိုင်းအဝိုင်းများ၏ ဝယ်ယူပံ့ပိုးပေးခြင်း ဖြင့် တစ်နှစ်ပတ်လုံး ဝယ်လိုအား တည်ငြိမ်နေပါတယ်" ဟု ၎င်းကဆိုသည်။ အခြား ပို့ကုန် ဈေးကွက်များမှာ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်း၊ မလေးရှား၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်သည်။ ၎င်းက "ပို့ကုန်အဆင့်မီ ကြက်သွန်နီများ၏ စိုက်ကွင်းတွင်းဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၀.၂ မှ ၀.၂၅ အထိ ရှိပြီး၊ FOB ဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ မှ ၄၂၀ အထိပျမ်းမျှရှိသည်။ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်သော ဝယ်လိုအားကို ရောင်ပြန်ဟပ်နေပါတယ်" ဟု ရှင်းပြခဲ့သည်။
နောင်အနာဂါတ်တွင် ပြည်ပကုန်စည်တင်ပို့သူများသည် ဥရောပ၊အရှေ့အာဖရိကနှင့် အရှေ့ အာရှဒေသရှိ ဈေးကွက်သစ်များကို ရှာဖွေတိုးချဲ့သွားရန် စီစဉ်လျက် ရှိသည်။ "အိန္ဒိယ ကြက်သွန်နီ များ၏ စမ်းသပ်တင်ပို့မှုအဖြစ် နယ်သာလန်နိုင်ငံ၊ UK နှင့် စင်္ကာပူနိုင်ငံတို့သို့ ပို့ဆောင်ခဲ့ပြီးဖြစ်ရာ၊ ယင်းတို့သည် စားသုံးသူလက်လီစျေးကွက်နှင့် လူမျိုးစုအစားအစာ စျေးကွက်နှစ်ရပ်စလုံးကို ဦး တည်ခဲ့ခြင်းဖြစ်သည်။ ကင်ညာ၊ တန်ဇန်းနီးယားနှင့် တောင်အာဖရိကနိုင်ငံတို့ကိုလည်း အိန္ဒိယ၏ ယှဉ်ပြိုင်နိုင်သော ဈေးနှုန်းအကျိုးခံစားခွင့်များကို အသုံးချ၍ ဖြစ်နိုင်ခြေရှိသော ဈေးကွက်သစ်များ အဖြစ် စိစစ်အကဲဖြတ်လျက်ရှိသည်" ဟု သိရသည်။
ရှေ့ဆက်လျက် ပြည်တွင်းလက်လီဈေးနှုန်းများ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၀.၂၈ မှ ၀.၃၄ ကြားတွင် ရှိနေမည်ဟု Wankhade က ခန့်မှန်းထားပြီး၊ ၂၀၂၆ ခုနှစ် မတ်လအထိ ပို့ကုန်ပမာဏ ကောင်းမွန်စွာ ဆက်လက်ရှိနေမည်ဟု မျှော်မှန်းထားသည်။"ရာသီဥတု အခြေအနေ ဆက်လက်ကောင်းမွန်ပြီး ပို့ကုန်မူဝါဒများ ပွင့်လင်းနေပါက အိန္ဒိယသည် ပြီးခဲ့သည့်နှစ်က တန်ချိန် (၁.၁၅) သန်း ပို့ခဲ့သည်ထက် ကျော်လွန်ပို့နိုင်မည်" ဟု Wankhade က ကောက်ချက်ချခဲ့ပါကြောင်းအား (၇-၁၁-၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza သတင်းဆောင်းပါးအရ သိရှိရ ပါသည်။










