မွန်ဂိုလီးယားနိုင်ငံတွင် စိုက်ပျိုးရန်အတွက် အာလူးမျိုးအသစ်များ မိတ်ဆက်
- Wed, 28 January 2026
၂၀၂၅ ခုနှစ်တွင် မွန်ဂိုလီးယားနိုင်ငံ၌ Darkhan-212 နှင့် Darkhan-222 ဟု အမည်ပေးထား သော အာလူးမျိုးသစ်နှစ်မျိုးကို စီးပွားဖြစ် စိုက်ပျိုးရန် မိတ်ဆက်ခဲ့သည်ကို MiddleAsianNews ၏ သတင်းအချက်အလက်အရသိရှိခဲ့ရပါသည်။
အစားအစာ၊ စိုက်ပျိုးရေးနှင့် အပေါ့စားစက်မှုလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ၊ အပင်မျိုးကောင်းမျိုးသန့် မွေးမြူရေးနှင့် စိုက်ပျိုးရေးသိပ္ပံသုတေသန (Institute of Plant Breeding and Agricultural Sciences) မှ စိုက်ပျိုးသီးနှံမျိုးစိတ်ပေါင်း ၁၀၀ ကျော်ကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး၊ ၎င်းတို့အနက် ၂၀ ကျော်မှာ ဒေသတွင်း ရာသီဥတုနှင့် ကိုက်ညီအောင် ပြုပြင်မွေးမြူထားသည်ဟု သိရှိရသည်။ Darkhan-212 နှင့် Darkhan-222 အာလူးမျိုးများမှာ မကြာသေးမီက စတင် စိုက်ပျိုး လာခြင်းဖြစ်ပါသည်။
စိုက်ပျိုးရေးကဏ္ဍတွင်၊ စောလျင်စွာရင့်မှည့်သော အာလူးမျိုးများဖြစ်သည့် Darkhan-160 နှင့် Darkhan-131 အာလူးမျိုးများ၏ အရည်အသွေးမြင့် မျိုးစေ့ပေါင်း ၄၀၀ မှ ၄၅၀ တန်အထိကို နှစ်စဉ် စိုက်ပျိုးထုတ်လုပ် အသုံးပြုလျက်ရှိပြီး၊ ၎င်းတို့ကို အလယ်အလတ် နှင့် နောက်ပိုင်း ရင့်မှည့်သော Darkhan-190 နှင့် Darkhan-144 မျိုးများဖြင့် ဖြည့်စွက်ထားသည်။ စုစုပေါင်းအားဖြင့် အာလူး မျိုးသစ် ၅ မျိုးကို တိုးတက်ထုတ်လုပ်စေနိုင်ခဲ့ပြီး၊ ဒေသတွင်း အခြေအနေများနှင့် ကိုက်ညီအောင် ပြုပြင် မွေးမြူထားသော မျိုးစိတ် ၁၄ မျိုးနှင့် စိုက်ပျိုးရန် သင့်တော်သည်ဟု သတ်မှတ်ပြီး လက်ရှိ စမ်းသပ်စိုက်ပျိုးဆဲအဆင့်တွင် ရှိသည့် မျိုးစိတ် ၁၆ မျိုး ရှိပါသည်။
အဆိုပါ သုတေသနသည် နှစ်စဉ် ကျန်းမာသန်စွမ်းသော အာလူး မျိုးဥငယ် ၈၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ထုတ်လုပ်ပေးနိုင်ပြီး၊ ၎င်းသည် တစ်နိုင်ငံလုံးအတိုင်းအတာရှိ အာလူးမျိုး လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်။ အာလူးစပ်မျိုး ထုတ်လုပ်ငန်း အပြင်၊ မိတ်စားကြက်သွန် မျိုးစေ့များ စိုက်ပျိုးခြင်း နည်းပညာများကိုလည်း ဖွံ့ဖြိုးတိုး တက်စေခဲ့ပြီး၊ ယင်းသည် ကုန်ကျစရိတ်နှင့် လုပ်အားလိုအပ်ချက်များကို လျှော့ချရန် ရည်ရွယ်ပါသည်။
သုတေသနမှ သိပ္ပံပညာရှင်များက နိုင်ငံအများအပြားသည် ရှားပါးပျောက်ကွယ်လုနီးပါး အပင်မျိုးစိတ်များ၏ မျိုးရိုးဗီဇပစ္စည်း (genetic material) များကို သိပ္ပံနည်းကျ စနစ်တကျ ထိန်းသိမ်းခြင်းဖြင့် ၁၀၀ နှစ်အထိ သိမ်းဆည်းထားနိုင်သည့် နည်းလမ်းများကို အလေးထား ဆောင် ရွက်လျက်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။
အစားအစာ၊ စိုက်ပျိုးရေးနှင့် အပေါ့စား စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး Nyamzhav Baasansuren ၏ လေ့လာရေးခရီးစဉ်အတွင်း မွန်ဂိုလီးယားနိုင်ငံတစ်ဝှမ်းရှိ မြေဆီလွှာအခြေအနေ များနှင့် မြေဩဇာအခြေအနေများကို ထပ်မံဆန်းစစ်လေ့လာရန် လိုအပ်ချက်အပေါ် အာရုံစိုက်ခဲ့ ကြသည်။ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ရှားပါးအပင်မျိုးစေ့များ ထိန်းသိမ်းရေး ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ရန် လိုအပ်ချက်ကိုလည်း ထိုခရီးစဉ်က မီးမောင်းထိုးပြခဲ့သည်။
၂၀၂၅ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ ကာလအတွက် သုတေသန အစီအစဉ်တစ်ခုကို ရေးဆွဲ ထားပြီး၊ သီးနှံ အလှည့်ကျစိုက်ပျိုးမှု (crop rotation) အလေ့အကျင့်များ မြှင့်တင်ခြင်းနှင့် သိပ္ပံ အခြေပြု စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများကို အားကောင်းလာစေခြင်းကို အဓိက အာရုံ စိုက်ထားသည်။
၂၀၂၅ ခုနှစ်တွင် မွန်ဂိုလီးယားနိုင်ငံသည် အာလူး တန်ချိန် ထောင်ပေါင်း ၁၀၁.၉ (၁၀၁,၉၀၀ တန်) နှင့် ဟင်းသီးဟင်းရွက် တန်ချိန် ထောင်ပေါင်း ၂၀၈.၆ (၂၀၈,၆၀၀ တန်) ရိတ်သိမ်းနိုင်ခဲ့သည်ကို (၂၈-၁-၂၀၂၆) ရက် နေ့ထုတ် Freshplaza သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9803722/mongolia-introduces-new-potato-varieties-for-cultivation/
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ( ၂၈ ) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန










