ဗီယက်နမ်နိုင်ငံတွင် ချယ်ရီသီးတင်သွင်းမှုပမာဏ မြင့်တက်လာပြီးနောက် ချယ်ရီသီးဈေးနှုန်း များ ကျဆင်းလာ
- Mon, 2 February 2026
ဗီယက်နမ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ချယ်ရီသီး ပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် ယခုရာသီတွင် ချယ်ရီသီးများကို တိုးမြှင့်တင်သွင်းခဲ့ကြ သော်လည်း ဝယ်လိုအားပမာဏမှာ အမှီလိုက်နိုင်ခြင်းမရှိသည့်အတွက် ချယ်ရီသီး ဈေးနှုန်း များ သိသိသာသာကျဆင်းလျက်ရှိပါသည်။ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ချယ်ရီသီးများ ကို ဩစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်တို့မှ တင်သွင်းကြပြီး လက်ရှိတွင် ချယ်ရီသီး အကြီး (၁) ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၉၀၀,၀၀၀ ဝန်းကျင်ရှိပြီး အမေရိကန်ဒေါ်လာ (၃၄.၂၇) နှင့် ညီမျှ ပါသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပြီးခဲ့သည့်နှစ်တွင် ချယ်ရီသီး (၁) ကီလိုဂရမ် လျှင် ဗီယက်နမ် ဒေါင် (၂) သန်းဝန်းကျင် (သို့) ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ (၇၆.၁၃) ခန့် ရှိပါသည်။
လက်လီရောင်းချသူများအနေဖြင့် အရောင်းနှေးနေသည့်အတွက် ဈေးနှုန်းများ လျှော့ချ ရောင်းချရန် ဖိအားများဖြစ်စေခဲ့ပါသည်။ ဟိုချီမင်းမြို့ရှိ သစ်သီးရောင်းချသူတစ်ဦး ဖြစ်သည့် Hoa သည် ပြီးခဲ့သည့်ရာသီ၌ U.S. ချယ်ရီသီး ဝယ်လိုအားများ မြင့်တက်ခဲ့သည့် အတွက် ယခုနှစ်တွင် ချယ်ရီသီးပမာဏ များစွာ ဝယ်ယူခဲ့သော်လည်း ချယ်ရီသီးရောင်းအား မှာ မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ရောင်းလိုအား မြင့်တက်လျက်ရှိသော်လည်း ဝယ်လိုအား ပမာဏမှာ ရောင်လိုအားပမာဏနှင့် ညီမျှမှုမရှိသည့် အတွက် ရောင်းချသူများအနေဖြင့် ဈေးနှုန်းများ လျှော့ချရောင်းချရန် ဖိအားများဖြစ်စေခဲ့ပါ သည်။
စနစ်တကျရောင်းချသည့် လက်လီဈေးကွက်များတွင် ဈေးနှုန်းသက်သာမှုကို မြင်တွေ့ ရပါသည်။ MM Mega Market နှင့် Go! ကဲ့သို့သော ဆိုင်များတွင် ဩစတြေးလျ ချယ်ရီသီး များကို လက်ရှိတွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၂၅၀,၀၀၀ - ၄၀၀,၀၀၀) အတွင်း ရောင်းချလျက် ရှိပြီး အမေရိကန်ဒေါ်လာအားဖြင့် ခန့်မှန်းခြေ ဒေါ်လာ ၉.၅၂ မှ ၁၅.၂၄ အတွင်း ရှိပြီး ပြီးခဲ့သည့် နှစ်တွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၅၀၀,၀၀၀) ခန့်ရှိပြီး အကြမ်းဖျင်းအားဖြင့် အမေရိကန် ဒေါ်လာ (၁၉.၀၄) ရှိပြီး ကုန်ပစ္စည်းများမှာလည်း အရောင်း သွက်ပါသည်။
ယခုနှစ်တွင် အထူးသဖြင့် ချယ်ရီသီး၊ ပန်းသီး၊ ကီဝီသီးနှင့် စပျစ်သီး ကဲ့သို့သော သစ်သီးများ ဝင်ရောက်လာမှု မြင့်မားလာသည့်အတွက် သစ်သီးဝလံများ တင်သွင်းသည့် ကဏ္ဍတွင် ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာကြောင်း ဟိုချီမင်းမြို့မှ ကုန်သည်တစ်ဦးဖြစ်သည့် Nguyen Thi
Hang က ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံ၏ ပြီးခဲ့သည့်နှစ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ (၃) ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက (၂၄) % ခန့် မြင့်တက်လာခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝှမ်း ချယ်ရီသီးရောင်းဝယ်မှု မှာလည်း ကျယ်ပြန့်လာခဲ့ပါသည်။ ကမ္ဘာ့ချယ်ရီသီး အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်သည့် ချီလီ နိုင်ငံ တွင် ၂၀၂၅-၂၀၂၆ ရာသီ၌ ချယ်ရီသီးစိုက်ဧရိယာမှာ (၄.၆) % မြင့်တက်လာ ပြီး (၈၀,၀၀၀) ဟက်တာ အထိ ခန့်မှန်းထားပါသည်။ အကျိုးဆက်အနေဖြင့် အထွက်နှုန်းမှာ (၆.၇) %ခန့် တန်ချိန် (၇၃၀,၀၀၀) အထိ မြင့်တက်လာခဲ့ကြောင်း အမေရိကန် စိုက်ပျိုးရေးဦးစီး ဌာနအရ သိရှိရပါသည်။
ရောင်းလိုအား မြင့်မားနေပြီး ဝယ်လိုအား တည်ငြိမ်နေခြင်းကြောင့် ဗီယက်နမ် အပါအဝင် အဓိကဈေးကွက်များတွင် ဈေးနှုန်းဖိအားများ ဖြစ်ပေါ်နေကြောင်း (၂၃-၁-၂၀၂၆) ရက် နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။
Source https://www.freshplaza.com/north-america/article/9803715/vietnamese-cherry-prices-fall-after-import-volumes-rise/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန










