ဗီယက်နမ် သံပရာသီးနှင့် ဒူးရင်းသီးများ ဈေးတက်ပြီး လိမ္မော်သီးဈေးနှုန်းကျဆင်း

  • Fri, 6 February 2026

ဗီယက်နမ် သံပရာသီးနှင့် ဒူးရင်းသီးများ ဈေးတက်ပြီး လိမ္မော်သီးဈေးနှုန်းကျဆင်း


မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ လယ်သမားများသည် Tet အားလပ်ရက်ပွဲတော်  မတိုင်မီကာလ အတွင်း ဆန့်ကျင်ဖက်ဖြစ်သော ဈေးကွက်အခြေအနေကို ကြုံတွေ့နေရပြီး သံပရာ၊ သရက်၊ ဒူးရင်းနှင့် နဂါး မောက်သီးအဝါများအတွက် ဈေးနှုန်းများ ကောင်းနေချိန်တွင် လိမ္မော်သီး စိုက်ပျိုးသူ များမှာ ထုတ်လုပ်မှုပိုလျှံခြင်းနှင့် အမြတ်အစွန်းနည်းပါးမှုကို ရင်ဆိုင်နေရပါသည်။

Tay Ninh ပြည်နယ်၊ Ben Luc မြို့တွင် အစေ့မဲ့သံပရာသီးဈေးနှုန်းသည် တစ်ကီလိုဂရမ် လျှင် ဗီယက်နမ်ဒေါင်း ၂၉,၀၀၀ မှ ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁.၁၅ ခန့်)အထိ ရောက်ရှိ နေပြီး ယခင် နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၄)ဆနီးပါး ပိုမိုမြင့်တက်နေခြင်းဖြစ်သည်။ ဒေသခံစိုက်ပျိုး သူများသည် တည်ငြိမ်သော ဝယ်လိုအားများကြောင့် တက်ကြွစွာ ခူးဆွတ်လျက်ရှိပါသည်။ Thanh Loi အုပ်စုတွင်  သံပရာသီး ၂ ဟက်တာ စိုက်ပျိုးသူ Ly Minh Anh က တစ်ဟက်တာလျှင် ပျမ်းမျှ ၁၆ တန် ထွက်ရှိကြောင်း ပြောပါသည်။ ကုန်ကျစရိတ်များနှင့် လုပ်အားခ စရိတ်များ နှုတ်ပြီးနောက် ၎င်းသည် တစ်ဟက်တာလျှင် အမေရိကန်ဒေါ်လာ ၃,၈၅၀ ခန့် အမြတ်အစွန်း ရရှိခဲ့ပြီး ယခု အခြေအနေသည် အမြင့်ဆုံး အမြတ်ငွေ ဖြစ်ပါသည်။

ဤသီးနှံကို ယခုသီတင်းပတ်အကုန်တွင် ခူးဆွတ်ပြီးမြောက်မည်ဖြစ်ပါသည်။ ဤနှစ်တွင် ကျွန်ုပ်တို့မိသားစုသည် ကြီးကျယ်သော Tet ပွဲတော်ကို ကျင်းပရန် ရှိနေပါသည်" ဟု ပြောကြားခဲ့ သည်။ Thanh Loi, Ben Luc, and Luong Hoa ကျေးရွာများသည် အစေ့မဲ့သံပရာသီး စိုက်ခင်းအားလုံးပေါင်း ၄,၀၀၀ ဟက်တာကျော် ပိုင်ဆိုင် ထားသည်။ ဒေသခံအာဏာပိုင်များက လက်ရှိ ရလဒ်ကောင်းများသည် ထောက်ပံ့ရေးကွင်းဆက် များတွင် တိုးတက်ပါဝင်လာခြင်းနှင့် ထုတ်လုပ်မှုစံနှုန်း များ အသုံးပြုလာခြင်းတို့ကြောင့် ဖြစ် သည်ဟု သုံးသပ်ကြပြီး ယခုအခါ ထွက်ကုန်များသည် နယ်သာလန်နှင့် အာရှဈေးကွက်များသို့ တင်ပို့နိုင်ရန် VietGAP နှင့် GlobalGAP စံချိန်စံညွှန်းများကို ဖြည့်ဆည်းလျက်ရှိသည်။

Dong Thap ပြည်နယ်တွင် ဒူးရင်းသီးစိုက်ပျိုးသူများသည်လည်း လက်ရှိဈေးနှုန်းများ ကြောင့် အကျိုးကျေးဇူးရရှိ နေပါသည်။ ကုန်သည်များသည် တရုတ်နှစ်သစ်ကူးမတိုင်မီ Cai Be, Ngu Hiep, Phu Huu, Long Tien, and Cai Lay ကျေးရွာများရှိ စိုက်ခြံများအတွက် ကြိုတင်ငွေသားများ ပေးအပ်လျက်ရှိပါသည်။ အဆင့် ၁ Monthong ဒူးရင်းသီးများကို တစ်ကီလိုဂရမ် လျှင် ဗီယက်နမ်ဒေါင်း ၉၀,၀၀၀ မှ ၁၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄.၂၀ ခန့်) ဖြင့် ရောင်းဝယ် နေပြီး ခန့်မှန်းအမြတ်ငွေမှာ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁.၉၂ ရှိပါသည်။ 

Ri6 မျိုးစိတ်များကိုမူ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင်း ၅၅,၀၀၀ မှ ၇၀,၀၀၀ (အမေရိကန် ဒေါ်လာ ၂.၆၉) ဖြင့် ရောင်းချလျက်ရှိပါသည်။

Ngu Hiep ကျေးရွာတွင် ဒူးရင်းသီး ၂ ဟက်တာ စိုက်ပျိုးထားသူ Tran Thanh Ba က ရာသီဥတုအခြေအနေများသည် အသီးဖွံ့ဖြိုးမှုကို အထောက်အကူပြုခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ ဆားငန်ရေ ဝင်ရောက်မှု နောက်ကျခြင်းနှင့် ရေထိန်းတံခါးစနစ်များမှ လုံလောက်သော ရေချိုရရှိမှု တို့သည် အဓိက အထောက်အကူပြုသော အကြောင်းရင်းများ ဖြစ်သည်ဟု ၎င်းက ပြောပါသည်။

နဂါးမောက်သီး (အဝါ) ၏ ဈေးနှုန်းများသည်လည်း နှစ်ကုန်ပိုင်းတွင် တက်လာခဲ့ပြီး ကုန်သည်များက တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင်း ၆၀,၀၀၀ မှ ၈၀,၀၀၀ (အမေရိကန် ဒေါ်လာ ၃.၁၀ ခန့်) ဖြင့် ကြိုတင်ငွေများ ပေးလျက်ရှိသည်။ ဤသီးနှံစိုက်ပျိုးသည့် ဧရိယာမှာ Dong Thap နှင့် Tay Ninh ပြည်နယ်များတွင် တိုးချဲ့လျက်ရှိပြီး ဤအခြေအနေမှာ Tet ပွဲတော်တွင် စားသုံးမှုနှင့် ပြသမှုဆိုင်ရာ လိုအပ်ချက်များနှင့် ဆက်စပ်နေသည်။

ဆန့်ကျင်ဖက်အခြေအနေအရ Vinh Long ပြည်နယ်ရှိ King လိမ္မော်သီး ထုတ်လုပ်သူများ သည် ထုတ်လုပ်မှု ပိုလျှံမှုကြောင့်ဈေးနှုန်းလျော့နည်းမှုများကို ရင်ဆိုင်နေရပါသည်။ စိုက်ခင်း ပေါက်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင်း ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၀.၀၈) အောက်သို့ ကျဆင်းသွားပြီး ဝယ်ယူမှု အကန့်အသတ်များ ရှိနေပါသည်။ အချို့သော နေရာများတွင် အသီးများကို ခူးဆွတ်ခြင်းမပြုဘဲ ထားရှိခဲ့ကြပါသည်။

Hieu Thanh ကျေးရွာ၊ လိမ္မော်သီးစိုက်ပျိုးသူ Huynh Thanh Quoc က "ကုန်သည်များက တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင်း ၂,၀၀၀ အောက် ပေးနေပါတယ်။ ယခုဈေးနှုန်းနဲ့ဆို ခူးဆွတ်ပါက ထပ်ပြီး အရှုံးတွေပဲ ဖြစ်လာမည်။ ဒီနှစ် Tet ပွဲကတော့ လက်လွတ်ဆုံးရှုံးသွားပြီ" ဟု ပြောကြားခဲ့သည်။ ပြည်နယ်စာရင်းအချက်အလက်များအရ Vinh Long တွင် လိမ္မော်သီး စိုက်ခင်း ၂၄,၇၁၈ ဟက်တာ ရှိသည်။ စိုက်ပျိုးမှုကျယ်ပြန့်လာ ခြင်းသည် ဝယ်လိုအားထက် ပိုမိုမြန်ဆန်စွာ မြင့်မားလာခြင်းကြောင့် တစ်ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ ၀.၃၁ မှ ၀.၄၁ ခန့်ရှိသော ထုတ်လုပ်မှု ကုန်ကျစရိတ်ထက်ပင် အဝယ်ဈေးနှုန်းများကို သိသိသာသာ နိမ့်ကျသွားစေခဲ့သည်။ အာဏာပိုင် များက နောင်တွင် မညီမျှမှုများ လျော့နည်းစေရန် ထပ်မံတိုးချဲ့ရန် တားမြစ်အကြံပြု ထားပြီး ပြောင်းလဲရေး၊ ထုတ်ကုန်ပြုပြင်ရေးနှင့် ဈေးကွက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို မြှင့်တင် ဆောင်ရွက် လျက်ရှိသည်ဖြစ်ကြောင်းကို (၃၀-၁-၂၀၂၆) ရက်နေ့ထုတ် Freshplaza သတင်း ဆောင်းပါးအရ သိရှိရပါသည်။ 

Source https://www.freshplaza.com/asia/article/9806669/vietnam-limes-and-durians-surge-as-orange-prices-fall/


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ( ၄ ) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ