မလေးရှားနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ကြက်သွန်နီ တင်သွင်းမှု ၃၀ ရာခိုင်နှုန်း လျှော့ချရန် ရည်မှန်းထား
- Tue, 3 March 2026
မလေးရှားနိုင်ငံသည် အစိုးရအေဂျင်စီများ၏ ပံ့ပိုးကူညီမှုဖြင့် ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်မှုကို တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ပြည်ပမှတင်သွင်းနေရသည့် မှီခိုအားထားရမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်မှန်းထားပါသည်။ အဆိုပါ ဆောင်ရွက် ချက်ကို နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေး မူဘောင်အတွင်း ထားရှိဆောင်ရွက်မည် ဖြစ်သည်။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီးဌာန၏ ဒုတိယအတွင်းရေးမှူးချုပ် (ဖွံ့ဖြိုးရေး) Datuk Luqman Ahmad ၏ ပြောကြားချက်အရ မလေးရှားနိုင်ငံသည် လက်ရှိတွင် ၎င်း၏ ကြက်သွန်နီ လိုအပ်ချက်၏ ၁၀၀ ရာခိုင်နှုန်းနီးပါးကို ပြည်ပမှ တင်သွင်း နေရပြီး နှစ်စဉ်တန်ဖိုးမလေးရှားရင်းဂစ် တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၂၁၀) ကျော်ရှိသည်။ နိုင်ငံသည် ပြောင်းနှင့် အသားထွက်ကုန် ပစ္စည်းများအတွက်လည်း ပြည်ပမှီခို အားထားမှု ရှိနေဆဲဖြစ်ရာ ပြည်တွင်းထုတ်လုပ်မှု အားကောင်းလာစေရန် အဆင့်ဆင့်သော ချဉ်းကပ်နည်းလမ်းတစ်ရပ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။
ယနေ့အချိန်တွင် ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုအတွက် အလားအလာကောင်း ရှိသော အစိုးရ၏ မြှင့်တင်ဆောင်ရွက်မှုကို ကွင်းဆင်းလေ့လာခဲ့ပါကြောင်း၊ ယခုအချိန်အထိ ကျွန်တော်တို့ဟာ ပြည်ပ မှ တင်သွင်းမှုအပေါ်တွင် လုံးဝမှီခိုနေခဲ့ရသည့်အတွက် ယခုခြေလှမ်း သည်တင်သွင်းမှုတန်ဖိုး လျှော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ရေးတို့အတွက် ကြီးမား သော သက်ရောက်မှုရှိပါသည် ဟု ၎င်းက ပြောကြားသည်။
စီးပွားဖြစ် စိုက်ပျိုးခြင်းများကို Pahang ပြည်နယ်နှင့် Sabah ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး ကနဦးအဆင့်တွင် ၈ ဟက်တာခန့် စိုက်ပျိုးတည်ထောင်ထားပါ သည်။နောက်ထပ် တိုးချဲ့စိုက်ပျိုးမှုများသည် သင့်လျော် ကိုက်ညီသော မြေယာရရှိမှုနှင့် မျိုးစေ့ ရရှိနိုင်မှုအပေါ် မူတည်မည်ဖြစ်သည်။
Kelantan ပြည်နယ်ရှိ ရှေ့ပြေးစီမံကိန်းမှ ထွက်ရှိလာသော ထွက်ကုန်များကို မျိုးစေ့ တိုးချဲ့ထုတ်လုပ်ခြင်းနှင့် အခြားတောင်သူများသို့ ဖြန့်ဖြူးခြင်းအတွက် ခွဲဝေသုံးစွဲမည်ဖြစ် သည်။သုတေသနပံ့ပိုးမှုနှင့် နည်းပညာလွှဲပြောင်းပေးခြင်းများကို MARDI (မလေးရှား စိုက်ပျိုး ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန) မှ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး
ကွင်းဆင်း အကောင်အထည်ဖော်မှုအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူလယ်သမား အဖွဲ့အစည်းများက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အစီအစဉ်သည် ကြက်သွန်နီ ထုတ်လုပ်နိုင်စွမ်းကို တိုးချဲ့ရန်နှင့် မလေးရှား နိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာကဏ္ဍတို့တွင် ပြည်ပမှ တင်သွင်းမှု ပြတ်တောက်ပါက ထိခိုက်နိုင်ခြေကို လျှော့ချရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်ကို (၂၅-၂-၂၀၂၆) ရက်နေ့ ထုတ် Freshplaza သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9814322/malaysia-targets-30-reduction-in-onion-imports-by-2030/
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ ( ၄ ) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန







