၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ဒူးရင်းသီးတင်ပို့မှု ၆၇ ရာခိုင်နှုန်း မြင့်တက်

  • Wed, 11 March 2026

၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ဒူးရင်းသီးတင်ပို့မှု ၆၇ ရာခိုင်နှုန်း မြင့်တက်


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုသည် ဘတ် ၁၀,၃၁၆ သန်း (အမေရိကန် ဒေါ်လာ ၂၈၉ သန်းခန့်) အထိ ရောက်ရှိခဲ့သည်။

၎င်းပမာဏသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ပို့ကုန်တန်ဖိုး ဘတ် ၆,၁၇၅ သန်း (အမေရိကန်ဒေါ်လာ ၁၇၃ သန်းခန့်) ရရှိခဲ့သည့်ကာလနှင့် နှိုင်းယှဉ်ပါက ၆၇.၀၅ ရာခိုင်နှုန်း တိုး လာခြင်းဖြစ်ပါသည်။

၂၀၂၅ ခုနှစ် တစ်နှစ်လုံးအတွက် ဒူးရင်းသီးတင်ပို့မှုမှာ ဘတ် ၁၂၅,၇၃၇ သန်း (အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီယံခန့်) တန်ဖိုးရရှိခဲ့ပါသည်။

အခြားတစ်ဖက်တွင်လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အေးခဲဒူးရင်းသီး တင်ပို့မှု ကျဆင်းခဲ့ပါသည်။ တင်ပို့မှုတန်ဖိုးသည် ဘတ် ၄၃၉ သန်း (အမေရိကန်ဒေါ်လာ ၁၂ သန်းခန့်) ရှိခဲ့ပြီး ယခင်နှစ် အလားတူလ၏ ဘတ် ၁၃၂၆ သန်း (အမေရိကန်ဒေါ်လာ ၃၇ သန်းခန့်) ရှိခဲ့ ရာကနေ ၆၆.၈၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ခြင်း ဖြစ်ပါသည်။

၂၀၂၅ ခုနှစ် တစ်နှစ်လုံးအတွက် အေးခဲဒူးရင်းသီး တင်ပို့မှု တန်ဖိုးမှာ ဘတ် ၁၇,၁၁၈ သန်း (အမေရိကန်ဒေါ်လာ ၄၇၉ သန်းခန့်) ရှိခဲ့သည်။

၂၀၂၆ ခုနှစ် ပို့ကုန်ရာသီ မတိုင်မီ တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှုများအတွက် စစ်ဆေးရေး လုပ်ထုံးလုပ်နည်းများကို ညှိနှိုင်းဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ပြောကြားခဲ့ပါသည်။

စစ်ဆေးရေးလုပ်ထုံးလုပ်နည်းတွင် ပိုးမွှားစစ်ဆေးခြင်း၊ ဓာတုဓါတ်ကြွင်းထိန်းချုပ်မှု၊ သီးနှံပိုးမွှားကင်းစင်ရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်နှင့် လိုက်နာမှုမရှိခြင်းကို ကိုင်တွယ် ဖြေရှင်းရန် လုပ်ထုံးလုပ်နည်းများ ပါဝင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန၏ ရည်ရွယ်ချက်မှာ ကုန်သွယ်ဖက်များမှ သွင်းကုန်ရပ်ဆိုင်းခြင်း သို့မဟုတ် ထပ်မံဖြည့်စွက်စစ်ဆေးခြင်းများကို ရှောင်ရှားရန်အတွက် စစ်ဆေးရေးစံနှုန်းများကို  အပြောင်း အလဲမရှိ  တသမတ်တည်း အသုံးပြုရန်ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဆက်လက်တိုးတက်ခဲ့သည်။ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ တင်ပို့မှု ၅၈,၀၇၂ ကြိမ်၊ စုစုပေါင်း ၉၃၉,၈၉၂.၃၄ တန် ရှိပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် ၁၅၀,၂၇၈.၅၉ သန်း (အမေရိကန်ဒေါ်လာ ၄.၂၁ ဘီလီယံခန့်) ရှိသည်။ အာဏာပိုင်များ၏ အဆိုအရ တရုတ်ဈေးကွက်တွင် ဝယ်လိုအား ဆက်လက်ရှိနေ ကြောင်း ကိန်းဂဏန်းများက ညွှန်ပြနေသည်။

 ပြည်ပတင်ပို့မှုမပြုမီ ပိုးမွှားစစ်ဆေးခြင်း၊ ကွန်တိန်နာပိတ်ခြင်းစစ်ဆေးမှုများ၊ ပိုးမွှား ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခြင်းနှင့် အပင်ရောဂါ ကာကွယ်ရေး ဥပဒေနှင့် ထိုင်း-တရုတ်တင်ပို့မှုပရိုတိုကောအရ ကုန်သွယ်ဖက်များနိုင်ငံများမှ တင်ပြသော ကိစ္စရပ်များအပေါ် နောက်ဆက်တွဲဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

၂၀၂၆ ရာသီအတွက် ထိုင်းနိုင်ငံအရှေ့ပိုင်းမှ ဒူးရင်းသီးများသည် ဧပြီလမှစ၍ ဈေးကွက်သို့ ဝင်ရောက်လာမည်ဟု မျှော်လင့်ရပြီး မေလနှင့် ဇွန်လတွင် အများဆုံး ထွက်ရှိ မည်ဟု မျှော်လင့်ရပါသည်။ တောင်ပိုင်းမှ ထွက်ရှိမှုသည် ဇွန်လမှစ၍ ဈေးကွက်သို့ ရောက်ရှိ မည်ဟု ခန့်မှန်းထားပါသည်။

ပြိုင်ဆိုင်မှု မြင့်တက်လာနေသော်လည်း တရုတ်နိုင်ငံသည် အဓိက ပို့ကုန် ဦးတည်ရာ အဖြစ် ရှိနေဆဲဖြစ်သည်။ ဗီယက်နမ်သည် ၂၀၂၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ ဒူးရင်းသီးများ တင်ပို့ခဲ့ပြီး မလေးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံများကလည်း ရောင်းချခဲ့ပါသည်။ တရုတ်နိုင်ငံသည် ဟိုင်နန်တွင်လည်း ပြည်တွင်းထုတ်လုပ်မှုကို စတင်နေပြီ ဖြစ်ပါသည်။

တရုတ်နိုင်ငံသို့ တင်ပို့မှုကို လာအို-တရုတ်ရထားလမ်းမှ တင်ပို့နေပြီး R3A ကားလမ်း ထက် ကူမင်းသို့ ကုန်စည်ပို့ဆောင်ရန် နှစ်ရက်ခန့် ပိုမြန်ပါသည်။ သို့သော် ရထား ကုန်စည် ပို့ဆောင်ခ ကုန်ကျစရိတ်များသည် ကားလမ်းသယ်ယူပို့ဆောင်ရေးထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့် ပိုများပြီး အခြေခံအဆောက်အအုံ ကန့်သတ်ချက်များနှင့် ကွန်တိန်နာ ရရှိနိုင်မှု အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း (၅-၃-၂၀၂၆) နေ့တွင် ဖော်ပြထားသော Fresh Plaza သတင်းအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9816772/thai-fresh-durian-exports-rise-67-in-january-2026/


တင်ပြသူ ဒေါ်လင်းလဲ့ရည်အောင်၊ ဒုဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ မတ်လ(၁၁) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ