ရိုဘတ်စတာကော်ဖီ ဧက ၂၀,၀၀၀ စိုက်ပျိုးမည်
- Thu, 26 March 2026
ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် (၆) မြို့နယ်တွင် ဈေးကွက် အခိုင်အမာ ရရှိထားပြီး ဖြစ်သော ရိုဘတ်စတာကော်ဖီမျိုးများကို နှစ်စဉ်သတ်မှတ်ချက်များနှင့်အညီ ဧကပေါင်း (၂၀,၃၉၀) တွင် မိုးရာသီမှစတင်၍ အပင်ဦးရေ ၂၀,၀၀၀ ကျော်ဖြင့် စတင်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏ အဆိုအရ သိရှိရပါသည်။
ရိုဘတ်စတာကော်ဖီပျိုးပင်များကို မိုးရာသီအတွင်း စိုက်ပျိုးနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ပြီးဖြစ်ပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုက်ကြီးမြို့နယ်တွင် ဧက (၂၈၀)၊ လှည်းကူးမြို့နယ်တွင် ဧက (၅၀၀)၊ မှော်ဘီမြို့နယ်တွင် ဧက (၁၀၀)၊ တွံတေးမြို့နယ် တွင် ဧက (၄၀)၊ ကော့မှူးမြို့နယ်တွင် ဧက (၆၀) နှင့် ကွမ်းခြံကုန်းမြို့နယ်တွင် ဧက (၂၀) ဖြင့် စုစုပေါင်း ဧက (၁၀၀၀) ခန့် ကနဦးစိုက်ပျိုးသွားမည်ဖြစ်ပါသည်။
ကော်ဖီစိုက်ပျိုးရန် သင့်တော်သော ရာသီဥတုမရှိပါက ကော်ဖီပင်များ စိုက်ပျိုး၍ မရနိုင်ပါ။ မြေနိမ့်ကော်ဖီမျိုးဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် (၆) မြို့နယ် တွင် လာမည့်မုတ်သုံရာသီအတွင်း ရော်ဘာ၊ သီဟိုဠ်နှင့် Acacia မန်ဂျန်ရှားစိုက်ခင်း ဧက ၄၈,၇၀၇ ကျော်တွင် နှစ်ရှည်ကြားသီးနှံပင်များအဖြစ် ကော်ဖီပင် ၂၀,၀၀၀ ကျော်အား စိုက်ပျိုး သွားမည်ဖြစ်ပါသည်။ (၅) နှစ်စီမံကိန်းရှိသည့်အတွက် တောင်သူများအတွက် ဝင်ငွေ ပိုမို ရရှိစေမည့်သီးနှံတစ်ခုဖြစ်ပြီး စိုက်ခင်းတိုးချဲ့လိုသော တောင်သူများအတွက် နှစ်ရှည်သီးနှံပင် တစ်မျိုးလည်းဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောကြားခဲ့ပါ သည်။
တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရိုဘတ်စတာကော်ဖီများကို ဧက (၁၀၀၀) ဖြင့် မိုးရာသီ မှစ၍ စတင်စိုက်ပျိုးသွားမည်ဖြစ်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း ဧက (၂,၅၀၀)၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်အတွင်း ဧက (၄,၀၀၀)၊ ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်အတွင်း ဧက (၅,၅၀၀)၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်တွင် ဧက (၇,၃၉၀)၊ စုစုပေါင်း ဧက (၂၀,၃၉၀) အား စိုက်ပျိုးသွားမည်ဖြစ်ပါသည်။
ရိုဘတ်စတာကော်ဖီသည် ဈေးကွက်ဝယ်လိုအား အခိုင်အမာရှိပြီးဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် တိုးချဲ့သီးနှံတစ်ခုအနေဖြင့် စတင်မိတ်ဆက်လျက်ရှိပါသည်။ တောင်သူများအနေဖြင့် ကော်ဖီစိုက်ပျိုးမှုအပေါ် စိတ်ဝင်စားမှု မြင့်တက်လာပါက ကော်ဖီ ပျိုးပင်များစွာကို ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ကော်ဖီပျိုးပင်များ
99သည် ရွေ့ပြောင်းစိုက်ပျိုးရန် ပျိုးဥယျာဉ်များတွင် (၆) လမှ (၁၂) လအထိ ကြာမြင့်တတ် ပါသည်။ ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် ၃ နှစ်မှ ၄ နှစ်အကြာတွင် ကော်ဖီသီးများကို စတင် ခူးဆွတ်နိုင်ပြီး ကော်ဖီသီးများကို ခူးဆွတ်ပြီး အခြောက်ခံခါ တိုက်ရိုက် ရောင်းချခြင်း၊ စက်ရုံ များသို့ ပို့ဆောင်ခြင်း (သို့) ပြည်တွင်းပြည်ပ ဈေးကွက်နှစ်ခုစလုံးအတွက် စိုက်ပျိုးသူများ ကိုယ်တိုင် ပြုပြင်ထုတ်လုပ်၍ ရောင်းချခြင်းများ ပြုလုပ်ကြပါသည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် ကော်ဖီစိုက်ခင်းများ ကောင်းစွာ ရှင်သန်ကြီးထွားနေပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် လာမည့်မုတ်သုံရာသီအတွင်း တိုးချဲ့သီးနှံအသစ်အနေဖြင့် စတင်မိတ်ဆက် စိုက်ပျိုးသွားမည်ဖြစ်ပါသည်။
ရိုဘတ်စတာ မြေနိမ့်ကော်ဖီမျိုးများကို ပင်လယ်ရေမျက်နှာပြင် ပေ ၂,၅၀၀ အောက် တွင် စိုက်ပျိုးနိုင်ပါသည်။ ၎င်းကော်ဖီမျိုးများသည် ပိုးမွှားရောဂါဒဏ် ခံနိုင်ပြီ အထွက် နှုန်း ကောင်းပါသည်။ ၎င်းကော်ဖီ၏ ခါးသက်မှုနှင့် ကဖိန်းဓာတ်ပါဝင်မှု မြင့်မားခြင်းကြောင့် ကမ္ဘာ့ ကော်ဖီဈေးကွက်များတွင် လူကြိုက်များပါသည်။ ကော်ဖီသည် ရေပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယသောက်သုံးမှုအများဆုံး ဖျော်ရည်ဖြစ်ပြီး ကမ္ဘာ့ဝယ်လိုအား မြင့်မားမှုကြောင့် နိုင်ငံ တကာကော်ဖီဈေးကွက်ကျွမ်းကျင်သူများအနေဖြင့် ၂၀၂၆ ခုနှစ်တွင် ဝယ်လိုအား နှစ်ဆမြင့် တက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ၂၀-၃-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/robusta-coffee-to-be-grown-on-20000-acres/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၄) ရက်
စစ်ဆေးသူ ဒေါ်တင်မာဖြိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ခင်စိုးအေး၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန







