ဗီယက်နမ်သည် ဂျပန်သို့ သစ်သီးဝလံများ တင်ပို့ရန်အတွက် အရည်အသွေးပိုင်းကို အာရုံစိုက်လျက်ရှိ
- Tue, 5 May 2026
ဂျပန်ဈေးကွက်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆိုင်ရာဆွေးနွေးပွဲ တစ်ခုအရ ဗီယက်နမ်စီးပွားရေး လုပ်ငန်းများသည် ဂျပန်ထောက်ပံ့ရေး ကွင်းဆက်များနှင့် ပိုမို ပေါင်းစည်းနိုင်ရန်အတွက် အရည်အသွေးစံနှုန်းများ၊ စီမံခန့်ခွဲမှုစွမ်းရည်နှင့် ထောက်ပံ့ရေးယုံကြည် စိတ်ချရမှုတို့ကို မြှင့်တင်ရန် လုပ်ဆောင်နေကြသည်။
ဂျပန်နိုင်ငံရှိ ကုန်သွယ်ရေးအကြံပေးပုဂ္ဂိုလ် Tạ Đức Minh က ဗီယက်နမ်နှင့် ဂျပန်အကြား စီးပွားရေးဆက်ဆံရေးသည် အခြေအနေအသစ်တစ်ခုသို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် အဓိကစားသုံးသူဈေးကွက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး GDP အားဖြင့် အမေရိကန် ဒေါ်လာ ၄.၃ ထရီလီယံကျော်၊ လူဦးရေ ၁၂၅ သန်းခန့်နှင့် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄၀၀၀ ခန့်ရှိကြောင်း ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံဆိုင်ရာစိန်ခေါ်မှုများရှိနေသော်လည်း ဂျပန်နိုင်ငံသည် တည်ငြိမ်သောဝယ်လိုအားကို ထိန်းသိမ်းထားနိုင်ကြောင်း၊ စားသုံးသူများသည် အရည်အသွေး၊ ဘေးကင်းရေး၊ တသမတ်တည်းရှိ မှုနှင့် ကုန်အမှတ်တံဆိပ် ဂုဏ်သတင်းတို့အတွက် လိုအပ်ချက်များကို ထိန်းသိမ်းကြသည်။ သို့သော် ဂျပန်ဈေးကွက်သည် စီးပွားရေးလုပ်ငန်းများကို ဈေးနှုန်းတစ်ခုတည်းအပေါ် အခြေခံ၍ အကဲဖြတ် ခြင်းမဟုတ်ဘဲ အရည်အသွေးစီမံခန့်ခွဲမှုစနစ်များ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ထောက်ပံ့မှု ကွင်းဆက်တည်ငြိမ်ရေးနှင့် စီးပွားရေးယုံကြည်စိတ်ချရမှုတို့ကိုပါ အခြေခံ၍ အကဲဖြတ်ကြောင်း Minhက ပြောသည်။
နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့်နှစ်က ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ဒေါ်လာ ၅၁ ဘီလီယံကျော်ခဲ့ပါသည်။
ဂျပန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပြီး ကဏ္ဍများစွာတွင် ကုမ္ပဏီပေါင်း ၅၀၀၀ ကျော် လည်ပတ်လျက်ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းများသည် ပေါင်းစပ်ထုတ်လုပ်မှုစနစ်များ၊ ဒေသတွင်းအသုံးပြုမှု မြင့်တက်လာခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ပြောင်းလဲလျက်ရှိသည်။
ဗီယက်နမ်သည် ဂျပန်၏ ထောက်ပံ့ရေးကွင်းဆက် ပြန်လည်ဖွဲ့စည်းရေး မဟာဗျူဟာ အတွင်းတွင်ရှိနေကြောင်း၊ ဂျပန်ဈေးကွက်သို့ဝင်ရောက်ရန်အတွက် အထူးသဖြင့် အရည်အသွေး စံနှုန်းများနှင့် ကိုက်ညီစေရန်နှင့် တည်ငြိမ်သော ထောက်ပံ့ရေးစွမ်းရည်ကို သေချာစေရန်အတွက် ပြင်ဆင်မှုနှင့် ရေရှည်မဟာဗျူဟာလိုအပ်ကြောင်း Minh ကပြောကြားပါသည်။
ဂျပန်နိုင်ငံသည် အစားအစာကို အဓိကတင်သွင်းသူဖြစ်ပြီး ၀ယ်လိုအား၏ ၆၀ မှ ၆၅ ရာခိုင်နှုန်းကို တင်သွင်းမှုများဖြင့် ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ဗီယက်နမ်သစ်သီးဝလံများသည် ဈေးကွက်တွင် ရှိပြီးဖြစ်သော်လည်း တိုးချဲ့ရန်အတွက် အစားအစာဘေးကင်းရေးစံနှုန်းများ၊ နောက်ကြောင်းပြန်လိုက်နိုင်မှုနှင့် ကုန်အမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို လိုက်နာရန်လိုအပ် ပါသည်။
ဂျပန်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် ကုန်သွယ်မှုမြှင့်တင်ရေး၊ ဈေးကွက်အချက် အလက်၊ မိတ်ဖက်လုပ်ဆောင်ခြင်း၊ စံနှုန်းများနှင့် သွင်းကုန်လိုအပ်ချက်များဆိုင်ရာ လမ်းညွှန်မှု များမှ တစ်ဆင့် ပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးပေးပါသည်။ ဗီယက်နမ်ကုမ္ပဏီများသည် ကုန်စည် ပြပွဲများနှင့် စီးပွားရေးမိတ်ဖက်အစီအစဉ်များမှတစ်ဆင့် ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသည်။
ဗီယက်နမ်-ဂျပန် ကုန်သွယ်မှုဆက်ဆံရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဈေးကွက်သို့ ဝင်ရောက်ရန်အတွက်ပြင်ဆင်မှု၊ ဈေးကွက်သတင်းအချက်အလက်မိတ်ဖက်များနှင့် တိုက်ရိုက်ချိတ်ဆက်မှု တို့လိုအပ်ကြောင်း (၂၂-၄-၂၀၂၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza website ၏ သတင်းအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9831583/vietnam-targets-fruit-exports-to-japan-with-quality-focus/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ခုနှစ်၊ ဧပြီလ၊ ၂၈ရက်
စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါက်တာမျိုးမျိုးကြည်၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





-80x80.jpg)



-80x80.jpg)
