လေကြောင်းသယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ နှစ်ဆ မြင့်တက်လာသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သစ်သီးဝလံတင်ပို့မှုများ ကျဆင်းလာ
- Tue, 5 May 2026
အီရန်၊ အမေရိကန်နှင့် အစ္စရေးအကြား လက်ရှိဖြစ်ပွားနေသော စစ်ပွဲများကြောင့် လေကြောင်းသယ်ယူ ပို့ဆောင်ရေးကုန်ကျစရိတ်များ နှစ်ဆနီးပါး မြင့်တက်လာသည့်အတွက် အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အခြားသောဒေသများသို့ တင်ပို့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပြုပြင်ထုတ်လုပ်ထားသော စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှုတွင် အခက်အခဲ၊ အတားအဆီးများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ပို့ကုန်တင်ပို့မှု ပမာဏများ လျော့နည်းလာပြီး ယှဉ်ပြိုင်မှုများ လျော့ကျသွားကြောင်း ပို့ကုန်လုပ်ငန်းရှင်များ၏ အဆိုအရ သိရှိရပါသည်။
အဓိကလမ်းကြောင်းကြီးများအားလုံးတွင် လေကြောင်းသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် များမြင့်တက်လာခဲ့ပါသည်။ ပဋိပက္ခများ မဖြစ်ပွားမှီအချိန်က အရှေ့အလယ်ပိုင်းဒေသများသို့ တင်ပို့မှု ကုန်ကျစရိတ်များမှာ တစ်ကီလိုဂရမ်လျှင် တာကာ ၁၂၀-၁၄၀ (အမေရိ ကန်ဒေါ်လာ ၁.၀၉ -၁.၂၇) ခန့်သာရှိသော်လည်း ယခုအချိန်တွင် တစ်ကီလိုဂရမ်လျှင် ဘင်္ဂလားဒေ့ရှ် ငွေကြေး တာကာ ၁၈၀-၂၈၀ (အမေရိကန်ဒေါ်လာအားဖြင့် ၁.၆၄-၂.၅၅ ဒေါ်လာ)ခန့် ကုန်ကျပါသည်။ ဥရောပနှင့် UK သို့တင်ပို့မှု ကုန်ကျစရိတ်များမှာ တစ်ကီလိုဂရမ်လျှင် တာကာ ၄၀၀-၄၅၀ (အမေရိကန်ဒေါ်လာ ၃.၆၄-၄.၀၉) မှ တာကာ ၆၂၀-၆၅၀ (အမေရိကန်ဒေါ်လာ ၅.၆၄-၅.၉၁) သို့ မြင့်တက်လာခဲ့ပါသည်။ အခြားသောဒေသများသို့တင်ပို့မှု ကုန်ကျစရိတ်များမှာလည်း အလားတူ မြင့်တက်လာခဲ့ပါသည်။
ကွန်တိန်နာသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များလည်း မြင့်တက်လာခဲ့ပါသည်။ အရှေ့ အလယ်ပိုင်းဒေသများသို့ ယခင်ကတင်ပို့ရေးကုန်ကျစရိတ်များမှာ ကွန်တိန်နာတစ်ခုလျှင် အမေရိကန် ဒေါ်လာ ၂,၈၀၀ ခန့်သာ ရှိသော်လည်း ယခုအချိန်တွင် အမေရိကန်ဒေါ်လာ ၆,၄၀၀ အထိမြင့်တက် လာခဲ့ပါသည်။ ကုန်တင်နိုင်သည့်ပမာဏ (နေရာ)ရရှိနိုင်မှု လျော့နည်းလာခြင်းသည် ရောင်းဝယ်ရေး ကွင်းဆက်များအပေါ် ထပ်မံ၍သက်ရောက်မှုဖြစ်စေကြောင်း ပို့ကုန်လုပ်ငန်းရှင် များ၏အဆိုအရ သိရှိရပါသည်။
တစ်လအတွင်း ကုန်ပစ္စည်းပို့ဆောင်ရေးကုန်ကျစရိတ်များ နှစ်ဆမြင့်တက်လာသည့် အတွက် ကြိုတင်စာရင်းပေးမှုလုပ်ရန် ခက်ခဲလာကြောင်း Shah Traders ကုမ္ပဏီမှ Mushtaque Ahmad Shahက ပြောကြားခဲ့ပါသည်။ ထိုသို့ ဆက်လက်ဖြစ်နေပါက တင်ပို့မှု ပမာဏမှာ သုညအထိ ကျဆင်းသွားနိုင်ပါသည်။ ကုန်ပစ္စည်းပို့ဆောင်ရေး ကုန်ကျစရိတ်များမှာ ရက်အနည်းငယ်အတွင်း မြင့်တက်လာခဲ့ ကြောင်းပြောကြားခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယှဉ်ပြိုင်နိုင်စွမ်းများ လျော့နည်းသွားကြောင်း Md Shahid Sarker က ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံမှ တင်ပို့မှုကုန်ကျစရိတ်များမှာ တစ်ကီလိုဂရမ်လျှင် တာကာ ၂၀၀ - ၂၅၀ ( အမေရိကန်ဒေါ်လာ ၁.၈၂-၂.၂၇)ခန့်ရှိပြီး ပါကစ္စတန်နိုင်ငံတွင်ပို၍နည်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ကီလိုဂရမ်လျှင် တာကာ ၇၀၀ (အမေရိကန် ဒေါ်လာ ၆.၃၆) နီးပါး ရှိသည့်အတွက် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံဝန်းကျင် တန်ဖိုးရှိသော စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့လျက်ရှိသော်လည်း လက်ရှိစာရင်းအင်းများအရ တင်ပို့မှုကျဆင်း သွားကြောင်း သိရှိရပါသည်။ မတ်လအတွင်း ဟင်းသီးဟင်းရွက်တင်ပို့မှု ပမာဏမှာ ပြီးခဲ့သည့် နှစ်ထက် ၄၅ ရာခိုင်နှုန်း ကျဆင်းသွားပါသည်။ ကုန်ခြောက်တင်ပို့မှုမှာ ၁၉.၄၀ ရာခိုင်နှုန်း၊ ဟင်းခတ် အမွှေးအကြိုင် တင်ပို့မှုမှာ ၁၂.၇၄ ရာခိုင်နှုန်းနှင့် အဖျော်ယမကာ၊ အရက်နှင့် ရှာလကာရည် တင်ပို့မှုမှာ ၃၄.၃၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားပါသည်။
မေလမှ စက်တင်ဘာအထိ သရက်သီးရာသီမတိုင်မီ စိုးရိမ်မှုများ မြင့်တက်လာခဲ့ပါသည်။ ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာသည့်အတွက် Global GAP စံချိန်စံညွှန်း များဖြင့် ထုတ်လုပ်ထားသည့် သရက်သီးနှင့် ပိန္နဲသီး တင်ပို့မှုများအပေါ် ထိခိုက်စေနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။
တင်ပို့မှုများမှာ ရပ်တန့်လုနီးပါးဖြစ်နေပြီး လန်ဒန်သို့ တင်ပို့မှုကုန်ကျစရိတ်များမှာ တစ်ကီလို ဂရမ်လျှင် တာကာ ၄၀၀ (အမေရိကန်ဒေါ်လာ ၃.၆၄) မှ တာကာ ၆၀၀ (အမေရိကန် ဒေါ်လာ ၅.၄၅) နီးပါးအထိ မြင့်တက်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့်ဆက်စပ် ထုတ်ကုန်များ ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ Mohammad Hafizur Rahman ကပြောကြား ခဲ့ပါသည်။
ယခင်က သရက်သီးတင်ပို့မှုတွင် ဝယ်လိုအား ရှိခဲ့သော်လည်း လက်ရှိအခြေအနေအရ တင်ပို့ မှုမှာ ရပ်တန့်လျက်ရှိကြောင်း Mushtaque Ahmad Shah က ပြောကြားခဲ့ပါသည်။ လက်ရှိ ကုန်ပစ္စည်း ပို့ဆောင်ရေး ကုန်ကျစရိတ်များအရ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့နှင့် ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
စိုက်ပျိုးပညာပေးရးဌာနခွဲအနေဖြင့် ပြီးခဲ့သည့်နှစ်က သရက်သီးတင်ပို့မှုမှာ တန်ချိန် ၂,၁၉၄ ခန့် ရှိပြီး၂၀၂၃ ခုနှစ်တွင် တန်ချိန် ၃,၁၀၀ နှင့် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁,၃၂၁ ခန့် အသီးသီး တင်ပို့ခဲ့ပါသည်။ သရက် ရာသီမတိုင်မီ လေကြောင်းလိုင်းနှင့် အရပ်ဘက်လေကြောင်း အာဏာပိုင် များနှင့်ဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ်ထားပါသည်။
စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာခြင်းနှင့် ပို့ကုန်တင်ပို့မှု အခွင့်အလမ်း ကန့်သတ်ချက်များသည် စိုက်ပျိုးထုတ်လုပ်သူတောင်သူများကို ထိခိုက်မှုများ ဖြစ်စေကြောင်း Sher-e-Bangla Agricultural University မှ Abu Noman Faruq Ahmmed က ပြောကြားခဲ့ပါသည်။ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ လျော့နည်းလာခြင်း မရှိပါကဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့်
ပို့ကုန်ဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်ရန် ရုန်းကန်ရမည်ဖြစ်ကြောင်း ၂၃-၄-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza.com ၏သတင်းအချက်အလက်များ အရသိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9831584/bangladeshi-fruit-exports-fall-as-airfreight-costs-double/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ခုနှစ်၊ ဧပြီလ၊ ၂၈ရက်
စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါက်တာမျိုးမျိုးကြည်၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





-80x80.jpg)



-80x80.jpg)
