ဗီယက်နမ်အုန်းသီးများ အအေးခန်း ရထားပို့ဆောင်ရေးလမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ ရောက်ရှိ
- Mon, 29 June 2026
ဗီယက်နမ်နိုင်ငံ၊ Vinh Long ပြည်နယ်မှအုန်းသီးအစိမ်းများကို ဇွန်လ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ Nanning အပြည်ပြည်ဆိုင်ရာ မီးရထားဘူတာရုံသို့ နယ်စပ်ဖြတ်ကျော် အအေးခံ ကုန်စည် ပို့ဆောင်ရေး ရထားလမ်းကြောင်းဖြင့် ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံအကြား ရထားလမ်း အခြေပြု အအေးခန်းစနစ် အသုံးပြုသည့် ပို့ဆောင်ရေးစနစ် ပိုမိုခိုင်မာလာစေခဲ့ပါသည်။
အဆိုပါရထားသည် ထိုင်းနိုင်ငံ၏ Monthong ဒူးရင်းသီးနှင့် ဗီယက်နမ် အုန်းသီးများ အပါအဝင် အာဆီယံနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၃၀၅,၀၀၀ တန်ဖိုးရှိသော လတ်ဆတ်သည့် သစ်သီးဝလံ တန်ချိန် ၁၃၅ တန်ခန့်ကို ပို့ဆောင်လာခဲ့ပါသည်။ အကောက်ခွန်ရှင်းလင်းပြီးနောက် ကုန်ပစ္စည်းများကို ပို့ဆောင်ရေးလုပ်ငန်းစဉ် အရှိန်မြှင့်တင်ရန်နှင့် ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းရန်အတွက် ရေးဆွဲထုတ်ပြန်ထားသည်များကို အကောက်ခွန်ရှင်းလင်းရေး ယန္တရား တစ်ခု အောက်တွင် တရုတ်-အာဆီယံ သစ်သီးဝလံ အရောင်းကွန်ရက်စင်တာသို့ ပို့ဆောင်ခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံမှ တင်ပို့သောကုန်ပစ္စည်းအများအပြားသည် Vinh Long ပြည်နယ်မှ ဖြစ်ပြီး၊ ထိုပြည်နယ်တွင် ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့၏ အော်ဂဲနစ်စံနှုန်းများအရ အသိအမှတ်ပြုခံရသော အုန်းစိုက်ခင်းများ ဟက်တာ ၃၀,၀၀၀ ကျော်ခန့်ရှိပါသည်။ အဆိုပါအုန်းသီးစိုက်ခင်းတွင် ထူးခြားသော အသွင်အပြင်နှင့် စျေးကွက်တန်ဖိုး မြင့်မားသည့် အထူးအုန်းသီးမျိုးကွဲဖြစ်သော ဖူတန်ဖယောင်းအုန်းသီးမျိုးများ ပါဝင်ပါသည်။
သစ်သီးဝလံများကို ထုတ်လုပ်သည့်ဒေသအနီးတွင် ကွန်တိန်နာများအတွင်း ထုပ်ပိုးပြီး နောက် ကားလမ်းဖြင့် ဗီယက်နမ်မြောက်ပိုင်းရှိ ဒေါင်းဒမ်း မီးရထားဘူတာရုံသို့ သယ်ယူပြီး ထိုနေရာမှတဆင့် ဗီယက်နမ်နှင့် တရုတ်ကို ဆက်သွယ်ထားသော ရထားလမ်းဖြင့် ချိတ်ဆက်ပြီး ပို့ဆောင်ခဲ့ပါသည်။
နန်နင်း (Nanning) သို့ရောက်ရှိပြီးနောက် တင်ပို့လာသော ကုန်ပစ္စည်းအစိတ်အပိုင်းများကို ဒေသတွင်း၌ ဖြန့်ဖြူးခဲ့ပြီး ကျန်ပစ္စည်းကို အအေးခန်းကွင်းဆက် ပို့ဆောင်ရေး ဝန်ဆောင်မှု များမှတစ်ဆင့် တရုတ်နိုင်ငံ၏ အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများသို့ သယ်ယူ ပို့ဆောင်ခဲ့ပါသည်။
တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်ဦးစီးဌာနသည် ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနနှင့် Nanningဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ ကုန်ပစ္စည်းတင်ပို့မှု အစီအစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
အစီရင်ခံစာအရ ယင်းကုန်ပစ္စည်း တင်ပို့မှုသည် အာဆီယံသစ်သီးဝလံများအတွက် ဖြန့်ဖြူးရေး ဗဟိုဌာနအဖြစ် Nanning၏ အခန်းကဏ္ဍကို အထောက်အကူပြုစေပြီး အာဆီယံနိုင်ငံအတွင်း ထုတ်လုပ်သောသစ်သီးဝလံဒေသများနှင့် တရုတ်နိုင်ငံတစ်ဝန်းရှိ ဖြန့်ဖြူးရေး ကွန်ရက်များကို ချိတ်ဆက်ပေးသည့် ရောင်းလိုအားကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုပါသည်။
အအေးခန်းရထားဖြင့် ပို့ဆောင်ရေးစနစ်သည် သယ်ယူချိန်ကိုလျှော့ချရန်၊ ကုန်ပစ္စည်း ထိန်းသိမ်းမှုကို အထောက်အကူပြုစေပြီး အအေးခန်းကွင်းဆက် အခြေခံအဆောက်အအုံနှင့် အမြန် ပို့ဆောင်ရေးတို့အပေါ် မှီခိုနေရသော ဗီယက်နမ် လတ်ဆတ်သော သစ်သီးဝလံများ တင်ပို့မှု အတွက် စျေးကွက်ဝင်ရောက်နိုင်မှုကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ထားကြောင်းကို ၁၉-၆-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော freshplaza.com ၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9848990/vietnamese-coconuts-arrive-in-china-via-refrigerated-rail-link/
တင်ပြသူ ဦးအောင်နိုင်ဦး၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၆ခုနှစ်၊ ဇွန်လ၊ ၂၅ ရက်
စစ်ဆေးသူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်စန္ဒီဝင်း၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန


-80x80.jpg)





