ရန်ကုန်ဈေးကွက်သို့ မန်ကျည်းသီးအသစ်များ အဝင်နောက်ကျသော်လည်း အဖွင့်ဈေး မြင့်တက်လျက်ရှိ

  • Wed, 31 January 2024

ရန်ကုန်ဈေးကွက်သို့ မန်ကျည်းသီးအသစ်များ အဝင်နောက်ကျသော်လည်း အဖွင့်ဈေး မြင့်တက်လျက်ရှိ


ပေါ်ဦးပေါ်ဖျား မန်ကျည်းသီးအသစ်များသည် နှစ်စဉ် ဒီဇင်ဘာလနှောင်းပိုင်းတွင် ရန်ကုန် ဈေးကွက်သို့ ဝင်ရောက်လေ့ရှိပါသည်။  သို့သော်လည်း ယခုနှစ်တွင် ပုံမှန်ထက် တစ်လနောက်ကျ၍ ရောက်ရှိလာပြီး အဖွင့်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် (၃,၀၀၀-၃,၁၀၀)ရှိကြောင်း ဘုရင့်နောင်၊ ခရေလမ်းမှ မန်ကျည်းကုန်သည်တစ်ဦးက မြန်မာ့အလင်းသတင်းစာတိုက်(GLNM) သို့ပြောခဲ့ပါသည်။

အဖွင့်ဈေးများ မြင့်တက်နေသော်လည်း လာမည့်ရက်အနည်းငယ်အတွင်း ဝယ်လိုအား လျော့ကျပြီး ဈေးနှုန်းကျဆင်းမည်ဟု ကုန်စည်ဝယ်ယူသူတစ်ဦးက ခန့်မှန်းပြောဆိုခဲ့ပါသည်။ (2022)ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ ပေါ်ခဲ့သည့်မန်ကျည်းသီးသစ်များကို ကုန်သည်များက ဈေးကောင်း ရရှိမည်ဟု မျှော်လင့်ထားသော်လည်း (2023)ခုနှစ်အထိ ဈေးနှုန်းနည်းပါးလျက် ရှိသေးကြောင်း သိရှိရပါသည်။ 2022 ခုနှစ်၊ ဒီဇင်ဘာလ (21)ရက်နေ့ ရန်ကုန်ဈေးကွက်တွင် မန်ကျည်းသစ် တစ်ပိဿာလျှင် ငွေကျပ်(2,100-2,200) ပေါက်ဈေးရှိပြီး ထိုရက်ပိုင်းတွင် မန်ကျည်းအဟောင်းဈေးမှာ တစ်ပိဿာလျှင် ငွေကျပ်(၁,၉၀၀-၂,၀၀၀) ဖြစ်ပါသည်။ သို့သော်လည်း ၂၀၂၃ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် မန်ကျည်းအမျိုးအစား အသီးသီး၏ ဈေးနှုန်းများမှာ မန်ကျည်းသစ် တစ်ပိဿာလျှင် ငွေကျပ်(၁,၇၀၀-၁,၇၅၀)၊ မန်ကျည်းဟောင်း တစ်ပိဿာလျှင် ငွေကျပ်(၁,၈၀၀-၁,၈၅၀)၊ မန်ကျည်း အနှစ်တစ်ပိဿာလျှင် ငွေကျပ်(၂,၄၀၀-၂,၇၀၀)ရှိကြောင်း သိရှိရပါသည်။ အခြားမြို့ကြီးများတွင် မန်ကျည်းပေါက်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ်(၈၅၀-၉၀၀)ဖြစ်ကြောင်း သိရှိရပါသည်။

2023 ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းမှ 2024 ခုနှစ်၊ ဇန်နဝါရီလ (10)ရက်နေ့အထိ မန်ကျည်းဟောင်း တစ်ပိဿာလျှင် ငွေကျပ် (1,100-1,200) ရှိပြီး မန်ကျည်းအနှစ်တစ်ပိဿာလျှင် ငွေကျပ် (1,900-2,500)ရှိကြောင်း သိရှိရပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် မန်ကျည်းသီးသစ် တစ်ပိဿာလျှင် ငွေကျပ်(၂,၀၀၀) ပေါက်ဈေးရှိပြီး ရန်ကုန်ဈေးကွက်တွင် မန်ကျည်း အဟောင်းတစ်ပိဿာလျှင် ငွေကျပ် (၁,၈၀၀) ရှိပါသည်။

မန်ကျည်းအသုံးများသော ဆေးပြင်းလိပ်နှင့် အဖျော်ယမကာများ ထုတ်လုပ်သည့်လုပ်ငန်းများ နည်းပါးလာခြင်းကြောင့် ပြည်တွင်းမန်ကျည်းလက်ကျန်များ ဆက်တိုက်များပြားလာပြီး မန်ကျည်း တင်ပို့မှုမှာ (၂)နှစ်ဆက်တိုက် ကျဆင်းခဲ့ပါသည်။  မန်ကျည်းလက်ကျန်များ မြင့်တက်လာခြင်းသည် ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ဘုရင့်နောင်၊ စိန်ပန်းလမ်းမှ မန်ကျည်းရောင်းချသူ ကိုဟန်က ရှင်းပြခဲ့ပါသည်။

(၂၀၂၂)ခုနှစ်နှင့်(၂၀၂၃)ခုနှစ်တို့တွင် စားသောက်ကုန်အများအပြား ဈေးတက်ခဲ့သော်လည်း ရန်ကုန်ဈေးကွက်တွင် မန်ကျည်းဈေးနှုန်းသည် တည်ငြိမ်နေခဲ့ပါသည်။ မန်ကျည်းကုန်သည် ဦးဌေးကြီးက (2023)ခုနှစ်တွင် မိုးနည်းခြင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် မန်ကျည်း အထွက်နှုန်း နည်းပါးမည်ဟု ခန့်မှန်းထားပါသည်။ အကယ်၍ မန်ကျည်းအထွက်နှုန်း နည်းပါး ချိန်တွင် ပြည်ပတင်ပို့မှုများပြားမည်ဆိုပါက (2024)ခုနှစ်တွင် မန်ကျည်းဈေးတက်လာနိုင်ချေ ရှိသည်ဟု မန်ကျည်းကုန်သည်များက ခန့်မှန်းထားကြောင်း (၂၄. ၁. ၂၀၂၄)ရက်နေ့တွင် ထုတ် ဝေခဲ့သော  The Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။


Source https://www.gnlm.com.mm/tamarind-price-in-yangon-market-surges-upon-late-arriving/#article-title

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ