အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုသည် (၂၀၂၃-၂၄)ခုနှစ်တွင် နှစ်ဆနီးပါးမြင့်တက်ခဲ့ပြီးယခုနှစ်တွင် ပိုမိုမြင့်တက်လာနိုင်ချေရှိ

  • Thu, 25 April 2024

အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုသည် (၂၀၂၃-၂၄)ခုနှစ်တွင် နှစ်ဆနီးပါးမြင့်တက်ခဲ့ပြီးယခုနှစ်တွင် ပိုမိုမြင့်တက်လာနိုင်ချေရှိ


အိန္ဒိယတွင် ပဲစိုက်တောင်သူများအတွက် မက်လုံးအမျိုးမျိုးအပါအဝင် ထောက်ပံ့မှုများစွာ ရှိ သော်လည်း ပြည်တွင်းလိုအပ်ချက်အတွက် ပဲမျိုးစုံတင်သွင်းမှုအပေါ် မှီခိုနေရဆဲဖြစ်ပါသည်။ ပဲမျိုးစုံတင်သွင်းမှုသည် (၂၀၂၃-၂၄)ခုနှစ်တွင် နှစ်ဆနီးပါး မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၃.၇၄) ဘီလီယံအထိ ရှိခဲ့ပါသည်။တရားဝင်ကိန်းဂဏန်းများကို ထုတ်ဖော်ပြသခြင်းမရှိသေးသော်လည်း လွန်ခဲ့သည့်တစ်နှစ်က တင်သွင်းမှု တန်ချိန် (၂၄.၅)သိန်းနှင့်နှိုင်းယှဉ်ပါက (၂၀၂၃-၂၄)ဘဏ္ဍာရေးနှစ်တွင် တန်ချိန် (၄၅.၅)သိန်းကျော် တင်သွင်းခဲ့ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရှိရပါသည်။ပြည်တွင်းဝယ်လိုအားနှင့် စျေးနှုန်းကို ထိန်းညှိရန်အတွက် အစိုးရသည် ဘရာဇီးနှင့် အာဂျင် တီးနားကဲ့သို့ ဈေးကွက်သစ်များနှင့် ကာလရှည်စာချုပ်များ ချုပ်ဆိုရန်အတွက် ညှိနှိုင်းလျက် ရှိကြောင်း အစိုးရသတင်းရင်းမြစ်များအရ သိရှိရပါသည်။ဘရာဇီးနိုင်ငံမှ မတ်ပဲတန်ချိန် (၂၀,၀၀၀)ကျော် တင်သွင်းမည်ဖြစ်ပြီး အာဂျင်တီးနားမှ ပဲစင်းငုံတင်သွင်းရန် ညှိနှိုင်းမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်ကြောင်း သိရှိရပါသည်။အစိုးရသည် မိုဇမ်ဘစ်၊ တန်ဇန်းနီးယားနှင့် မြန်မာနိုင်ငံတို့မှလည်း ပဲမျိုးစုံတင်သွင်းရန် စာချုပ်ချုပ်ဆိုထားပါသည်။မကြာသေးမီလများအတွင်း သွင်းကုန်များ မြင့်တက်လာခြင်းသည် ပြည်တွင်းရောင်းလိုအားကို မြှင့်တင်ရန်နှင့် ဈေးနှုန်းများကို ထိန်းသိမ်းရန်ဖြစ်စေပါသည်။ အစိုးရက ယခုနှစ် ဇွန်လ အထိ စားတော်ပဲအခွန်လွတ်တင်သွင်းခွင့်နှင့် ပဲစင်းငုံနှင့် မတ်ပဲတို့ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ အခွန်လွတ် တင်သွင်းခွင့်ပြုခဲ့ကြောင်းသိရှိရပါသည်။ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ စတင်နေချိန်တွင် ပဲမျိုးစုံဈေးနှုန်း ငွေကြေးဖောင်းပွမှုမှာ အစိုးရအတွက် အဓိကစိုးရိမ်စရာ ဖြစ်လျက်ရှိပါသည်။ ပဲမျိုးစုံဈေးနှုန်းဖောင်းပွမှုသည် ယခုနှစ် မတ်လတွင် (၁၇%)နှင့် ဖေဖော်ဝါရီလတွင် (၁၉%)ရှိကြောင်း မကြာသေးမီက ကိန်းဂဏန်းများမှ ညွှန်ပြလျက်ရှိပါသည်။ပဲဈေးနှုန်းများကို ထိန်းသိမ်းနိုင်ရန်အတွက် အစိုးရမှ ဧပြီလ (၁၅)ရက်၊ တနင်္လာနေ့တွင်ပဲမျိုးစုံ သိုလှောင်ထိန်းမှုများကို ကန့်သတ်ချက်ချမှတ်ခဲ့ပြီး ပြည်နယ်များကို တောင်းဆိုထားကြောင်းသိရှိရပါသည်။သို့သော်လည်းအစိုးရမှအာမခံဝယ်ယူမှုနှင့်MinimumSupportPrice (MSP) တိုးမြှင့်ပေးမှုကဲ့သို့သော မက်လုံးပေးဆောင်ရွက်မှုများ အမျိုးမျိုး ပြုလုပ်ခဲ့သော်လည်း ပြည်တွင်းပဲမျိုးစုံထုတ်လုပ်မှုသည် လွန်ခဲ့သည့် (၂-၃)နှစ်အတွင်း ကျဆင်းသွားခဲ့သည်မှာ စိုးရိမ်စရာတစ်ခုဖြစ်ပါသည်။ (၂၀၂၃-၂၄) တွင် ပဲမျိုးစုံထွက်ရှိမှုမှာ တန်ချိန် (၂၃၄)သိန်းရှိမည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနမှ ခန့်မှန်းထားကြောင်းသိရှိရပါသည်။ယခင်နှစ်က ထုတ်လုပ်မှု တန်ချိန် ၂၆၁ သိန်းရှိခဲ့ပါသည်။ (၂၀၁၉-၂၀)ခုနှစ်တွင် ပြည်တွင်း ပဲမျိုးစုံထွက်ရှိမှုမှာ တန်ချိန် (၂၃၀.၂၅)သိန်းရှိခဲ့သော်လည်း (၂၀၂၀-၂၁)ခုနှစ်တွင် အစိုးရမှ မက်လုံးပေးဆောင်ရွက်မှုများကြောင့် ထုတ်လုပ်မှု တန်ချိန် (၂၅၄.၆၃)သိန်းအထိ တိုးမြင့် လာခဲ့ပါသည်။ (၂၀၂၁-၂၂) ခုနှစ်တွင် တန်ချိန် (၂၇၃.၀၂)သိန်းအထိ မြင့်တက်လာခဲ့သော်လည်း (၂၀၂၂-၂၃) ခုနှစ်တွင် တန်ချိန် (၂၆၀. ၅၈) သိန်းသို့ ကျဆင်းသွားခဲ့ပါသည်။ယခု (၂၀၂၄)ဘဏ္ဍာနှစ်တွင် မိုးရာသီစိုက်ပျိုးထုတ်လုပ်မှုမှ တန်ချိန် (၇၆.၂၁)သိန်းမှ တန်ချိန် (၇၁.၁၈)သိန်းသို့ ကျဆင်းမည်ဟု ခန့်မှန်းထားကြပါသည်။ မတ်ပဲထုတ်လုပ်မှုသည် တန်ချိန် (၁၇.၆၈)သိန်းမှ တန်ချိန် (၁၅.၁၅)သိန်းသို့လည်းကောင်း၊ ပဲတီစိမ်း ထုတ်လုပ်မှုမှာ တန်ချိန် (၁၇.၁၈)သိန်းမှ တန်ချိန် (၁၄.၀၅)သိန်းသို့လည်းကောင်း ကျဆင်းဖွယ်ရှိကြောင်း သိရှိရပါသည်။ ပြည်တွင်းထုတ်လုပ်မှုလျော့ကျခြင်းသည် အဓိက ပဲစိုက်ပျိုးထုတ်လုပ်သော ဒေသများရှိ ရာသီဥတုအခြေအနေကြောင့်လည်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောပါသည်။သို့သော်လည်း ပြီးခဲ့သည့် (၃-၄)နှစ်အတွင်း ပဲစိုက်ဧရိယာများ လျော့ကျခဲ့ခြင်းမှာ စိုးရိမ်စရာ တစ်ခုဖြစ်ခဲ့ပါသည်။ (၂၀၂၁-၂၂) ခုနှစ်အတွင်း ဟက်တာ (၃၀၇.၃၁) သိန်းမှ (၂၀၂၃-၂၄) ခုနှစ်မှာ ဟက်တာ (၂၅၇.၈၅)သိန်းအထိ လျော့ကျခဲ့ခြင်းဖြစ်ပါသည်။နှစ်နှစ်အတွင်း ပဲစိုက်ဧရိယာ (၁၆%)လျော့ကျခဲ့ပြီး ထုတ်လုပ်မှုပမာဏမှာ (၁၄%)နီးပါး လျော့ကျခဲ့ပါသည်။အိန္ဒိယအရန်ရံဘဏ်မှလည်း စားနပ်ရိက္ခာစျေးနှုန်း ဖိအားများသည် ငွေကြေးဖောင်းပွမှု  (၄%)သို့ ကျဆင်းစေရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်းနှင့် ပဲမျိုးစုံစျေးနှုန်းသည် ငွေကြေးဖောင်းပွမှုကိန်းဂဏန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း မီးမောင်းထိုးပြလျက်ရှိပါသည်။အိန္ဒိယသည် ပဲမျိုးစုံအများအပြားစားသုံးကြပြီး စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံဖြစ်ပါသည်။ တင်သွင်းမှုမှတစ်ဆင့် ၎င်း၏ ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းလျက်ရှိပါသည်။ အိန္ဒိယသည် ကုလားပဲ၊ ပဲနီလေး၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကို အဓိကစားသုံးကြပါကြောင်း (၁၇.၄.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော  The Economic Times  ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။

Source https://economictimes.indiatimes.com/news/economy/agriculture/indias-pulses-import-almost-doubled-in-2023-24-it-may-rise-further-this-year/articleshow/109361102.cms?from=mdr

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ