ကမ္ဘောဒီးယားနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂.၃၅)ဘီလီယံ ရရှိ

  • Wed, 15 May 2024

ကမ္ဘောဒီးယားနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂.၃၅)ဘီလီယံ ရရှိ


ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ(၄)လပတ်အတွင်း အမေရိကန်ဒေါ်လာ (၂.၃၅) ဘီလီယံ တန်ဘိုးဖိုးရှိ  လယ်ယာထွက်ကုန်များ တင်ပို့ခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရှိရပါသည်။အဆိုပါကာလအတွင်း လယ်ယာထွက်ကုန် တန်ချိန်ပေါင်း (၅.၃)သန်းခန့် တင်ပို့ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် (၇၄%)တိုးမြင့်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ကမ္ဘောဒီးယားနိုင်ငံမှ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ ဆန်၊ ငှက်ပျော၊ သရက်၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ စားအုန်းဆီ၊ ငရုတ်ကောင်း နှင့် ဆေးရွက်ကြီးတို့ဖြစ်ကြောင်း၊ ဆန် နှင့် စပါး တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂၁၀)သန်း နှင့် (၃၆၄)သန်း အသီးသီးရရှိခဲ့ကြောင်းနှင့် အခြား လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ကန်ဒေါ်လာ (၁.၇၈)ဘီလီယံရရှိခဲ့ကြောင်း အစီရင် ခံစာတွင် ဖော်ပြထားချက်အရ သိရှိရပါသည်။“၂၀၂၄ခုနှစ်၊ ပထမ(၄)လပတ်၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်၊ အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက တန်ချိန်ပေါင်း(၂.၂)သန်း တိုးတက်လာခဲ့ကြောင်းနှင့် တင်ပို့သည့် စိုက်ပျိုးရေး ထွက်ကုန်များမှာ ပီလောပီနံ၊ ဆန်၊ ပီလောပီနံမှုန့်၊ ပြောင်း၊ လောင်ဂန်သီး၊ သရက်သီး နှင့် ငရုတ်သီး တို့ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။တရုတ်၊ ဥရောပနှင့် အာဆီယံနိုင်ငံများအနက် ဗီယက်နမ်နှင့် ထိုင်းတို့သည် ကမ္ဘောဒီးယား နိုင်ငံ၏ လယ်ယာထွက်ကုန်များကို အဓိက တင်သွင်းသည့် နိုင်ငံများ ဖြစ်ပါသည်။အမြတ်အစွန်းများစွာ ရရှိစေရန်အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော လယ်ယာလုပ်ငန်း နယ်ပယ်များကို ဖန်တီးကြရန် တောင်သူများအား စိုက်ပျိုးရေးဝန်ကြီး Tith Dina က တိုက်တွန်း ပြောကြားခဲ့သည့်အပြင် “ခေတ်မီစိုက်ပျိုးရေးသမဝါယမလမ်းစဉ်”သည် ကုန်ကြမ်းအဆင့်မှသည် တန်ဖိုးမြှင့် ကုန်စည်အဆင့်သို့ ရောက်ရှိစေသည့်အပြင် သေချာသော ဈေးကွက်များချိတ်ဆက် ရရှိ စေသည်အထိ လုပ်ငန်းစဉ် ကွင်းဆက်တလျှောက် အာမခံချက်ပေးစွမ်းနိုင်သော နည်းလမ်းတစ်ခု ဖြစ်ကြောင်း Dina က Battambang ခရိုင်၊ စိုက်ပျိုးရေးသမဝါယမသို့ ဗုဒ္ဓဟူးနေ့တွင် ကွင်းဆင်း လေ့လာစဉ်က ပြောကြားခဲ့ပါသည်။ယခုသီတင်းပတ် အစောပိုင်းကာလတွင် ဝန်ကြီးဌာန(၃)ခုဖြစ်သည့် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့မှ ကမ္ဘောဒီးယားတောင်သူများအား ပံ့ပိုးကူညီရန်နှင့် ကျေးလက်နေ ပြည်သူများ စားဝတ်နေရေး နှင့် လူနေမှုဘဝ မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် အစီ အစဉ်များကို ထုတ်ပြန်ကြေညာခဲ့ပါသည်။စိုက်ပျိုးရေးသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို အထောက်အကူဖြစ်စေသည့် မဏ္ဍိုင် (၄)ရပ်အနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ကမ္ဘောဒီးယားအစိုးရသည် မိသားစုတနိုင်တပိုင် စိုက်ပျိုးထွန်ယက်မှုမှသည် စီးပွားဖြစ်လယ်ယာသို့ အဆင့်မြှင့်တင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်စေခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးမြင့်လာစေရန် ရည်ရွယ်၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မဟာဗျူဟာမူဝါဒသစ်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ရည်မှန်း ထားလျက် ရှိပါသည်။စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် လူသားအရင်းအမြစ်တိုးပွားလာစေရန် အစိုးရအနေဖြင့် ဦးစားပေးမူဝါဒအရ ဌာနမှ စိုက်ပျိုးရေးအရာရှိ (၂၅၀)ဦးကို စေလွှတ်ထားရှိပြီး ဖြစ်သည့်အပြင် (၂၀၂၅)ခုနှစ်တွင် အရေအတွက်အားဖြင့် ပညာရှင်ဦးရေ (၁၃၀၀)ကျော်အထိ တိုးမြှင့်သွားနိုင်မည် ဖြစ်ပါသည်။အဆိုပါပညာရှင်များသည် တောင်သူများအား နည်းပညာပိုင်းအရ ကူညီဆောင်ရွက် ပေးမည်ဖြစ်ပြီး စိုက်ပျိုးရေးသမဝါယမများဖွဲ့စည်းကာ ထုတ်လုပ်မှုကွင်းဆက်များ ချိတ်ဆက်၍ ထုတ်လုပ်မှု ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် တောင်သူများအား လမ်းညွှန်ပြသပေးသွားမည် ဖြစ်ကြောင်း (၁၀.၅.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် www.khmertimeskh.com သတင်းအရ သိရှိရပါသည်။

Source https://www.khmertimeskh.com/501485837/cambodia-bags-2-35-billion-from-agriculture-exports/

တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ