ပြင်ဦးလွင်မြို့တွင် ကော်ဖီစိုက်ပျိုးသူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ မြေယာများခွင့်ပြုလျက်ရှိ

  • Wed, 12 June 2024

ပြင်ဦးလွင်မြို့တွင် ကော်ဖီစိုက်ပျိုးသူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ မြေယာများခွင့်ပြုလျက်ရှိ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ပြင်ဦးလွင်မြို့တွင် ကော်ဖီ စိုက်ပျိုးသူများအား မြေနေရာများ ခွဲဝေချထားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ကို ကော်ဖီမြေအဖြစ် ဖန်တီးရန် စီစဉ်လျက်ရှိပါသည်။ စိတ်ပါဝင်စားသော ကော်ဖီစိုက်ပျိုးသူများ၊ မြန်မာနိုင်ငံသားတစ်ဦးချင်းနှင့် ကုမ္ပဏီများသည် ဇွန်လ (၆) ရက်နေ့မှ စတင်ကာ နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် မြေယာခွင့်ပြုမိန့်များ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ မြေယာရရှိသူများသည် ဝန်ကြီးဌာန၏ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကော်ဖီများ စိုက်ပျိုးရမည်ဖြစ်ပါသည်။ လျှောက်ထားရန် နောက်ဆုံးရက်မှာ ဇူလိုင်(၇)ရက်နေ့ဖြစ်ပါသည်။

ကော်ဖီနှင့် ဒေသထွက်ကုန်များကို အခြေခံသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs)များကို ပြင်ဦးလွင်ဒေသတွင် ဦးစားပေးဆောင်ရွက်လျက် ရှိပါသည်။ ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြင်ဦးလွင်တွင် ကော်ဖီ စိုက်ပျိုးမှု မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတစ်ဝှမ်းတွင် ကော်ဖီဧက (၄၀,၀၀၀)ဝန်းကျင်ရှိပြီး တန်ချိန် (၈,၀၀၀ - ၁၀,၀၀၀) အတွင်း ထွက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ကော်ဖီဇုန်များကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ရွာငံနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တို့တွင် သတ်မှတ်ဆောင်ရွက်လျက်ပါသည်။ ကော်ဖီ စိုက်ခင်းများကို ချင်းပြည်နယ်၊ သံတောင်ကြီးနှင့် ပအိုဝ်းဒေသတို့တွင်လည်း တွေ့ရှိရပါသည်။ ပြင်ဦးလွင်နှင့် ရွာငံဒေသများမှ အာရေဗီးကားကော်ဖီကို အထူးသီးသန့်ကော်ဖီအဖြစ် အသိအမှတ် ပြုထားပါသည်။

မြန်မာ့ကော်ဖီထွက်ရှိမှု၏ ထက်ဝက်ခန့်ကို အမေရိကန်၊ ဥရောပနိုင်ငံများ၊ ဂျပန်၊ တောင် ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ မြန်မာနိုင်ငံ ကော်ဖီ အသင်းက ယခုနှစ်အတွင်း ကော်ဖီတန်ချိန် (၂,၀၀၀)ခန့် တင်ပို့ရန် ရည်မှန်းထားကြောင်း သိရှိရ ပါသည်။

ပြီးခဲ့သည့် ဧပြီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံမှ ကော်ဖီတန်ချိန် (၁,၀၀၀ -  ၁,၅၀၀) ခန့်ကို နယ်စပ် ကုန်သွယ်ရေး စခန်းများမှတဆင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပြီး ဥရောပနိုင်ငံများ၊ဂျပန်၊ တောင်ကိုရီးယားနှင့် အာရှနိုင်ငံများသို့ တန်ချိန် (၅၀၀-၈၀၀)ခန့် တင်ပို့ခဲ့ပါကြောင်း (၆. ၆. ၂၀၂၄)ရက်နေ့တွင် ထုတ်ဝေခဲ့သော  The Global New Light of Myanmar ကွန်ရက်ဆောင်းပါး အရ သိရှိရပါသည်။


Source https://www.gnlm.com.mm/moali-to-grant-permits-for-coffee-growers-in-pyinoolwin/

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ