တောင်ကိုရီးယားနိုင်ငံ၏ လယ်ယာထွက်စားသောက်ကုန် တင်ပို့မှုသည် မေလအထိ အမေရိကန်ဒေါ်လာ (၄)ဘီလီယံ နီးပါးရှိပြီး ခေါက်ဆွဲခြောက်ထုပ်တင်ပို့မှုမြင့်တက်လာ

  • Wed, 12 June 2024

တောင်ကိုရီးယားနိုင်ငံ၏ လယ်ယာထွက်စားသောက်ကုန် တင်ပို့မှုသည် မေလအထိ အမေရိကန်ဒေါ်လာ (၄)ဘီလီယံ နီးပါးရှိပြီး ခေါက်ဆွဲခြောက်ထုပ်တင်ပို့မှုမြင့်တက်လာ


“K-Food” ဟု လူသိများသော တောင်ကိုရီးယားနိုင်ငံ၏ လယ်ယာထွက်စားသောက်ကုန် တင်ပို့မှုတွင်  ပြုပြင်ပြီးသော  အစားအစာများဖြစ်သော အထူးသဖြင့်  ခေါက်ဆွဲထုပ် ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ယခုနှစ် မေလအထိ ထူးထူးခြားခြား ဒေါ်လာ (၄)ဘီလီယံနီးပါး ရရှိ ခဲ့ပါသည်။

စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန (MAFRA)သည် ယခုနှစ် ဇန်နဝါရီမှ မေလအထိ လယ်ယာထွက်ကုန် စားနပ်ရိက္ခာ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၃.၉၆)ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် (၇.၆%)တိုးလာကြောင်း သိရသည်။

နှစ်လဆက်တိုက် ခေါက်ဆွဲခြောက်ထုပ်များ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း (၁၀၀)ကျော်အထိ သိသိသာသာ တိုးတက်ခဲ့သည်။ မေလတစ်လတည်းတွင် ခေါက်ဆွဲခြောက် တင်ပို့မှု ပမာဏသည် အမေရိကန်ဒေါ်လာ (၁၀၇.၃) သန်းရှိပြီး ယခုနှစ် ဇန်နဝါရီလမှ မေလအထိ စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၄၈၆.၂) သန်းရှိကာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၃၆.၂%) တိုးမြင့်လာခဲ့သည်။ တရုတ်နှင့် အမေရိကန်သို့ ခေါက်ဆွဲခြောက်ထုပ် တင်ပို့မှုသည် (၂၇.၇%)နှင့် (၇၁.၄%) အသီးသီး သိသိသာသာ တိုးမြင့်လာခဲ့သည်။

တစ်နှစ်ထက်တစ်နှစ် လတ်ဆတ်သော အစားအစာတင်ပို့မှုမှာ (၁.၈%) အမေရိကန် ဒေါ်လာအားဖြင့် (၆၁၆)သန်းသို့ကျဆင်းခဲ့ပြီး ပြုပြင်ပြီး အစားအစာတင်ပို့မှုမှာ (၉.၅%) မြင့်တက် ခဲ့ပြီး အမေရိကန်ဒေါ်လာအားဖြင့် (၃.၃၄၄)ဘီလျံအထိ ရှိခဲ့သည်။

ကိုရီးယား သရေစာနှင့် အဖျော်ယမကာများ၏ ရေပန်းစားမှုသည် ပို့ကုန်တိုးတက်မှုကို အထောက်အကူဖြစ်စေသည်။ အမေရိကန်တွင် ကိုရီးယားမုန့်ဖုတ်လုပ်ငန်း ကျယ်ပြန့်လာခြင်းနှင့် ဂျပန်နိုင်ငံသို့ မုန့်ဖုတ်ပစ္စည်းများ  တင်ပို့မှုပြန်လည်ရရှိခြင်းတို့ကြောင့် သရေစာတင်ပို့မှုသည်  တစ်နှစ်ထက် တစ်နှစ် (၁၂.၆%) တိုးတက်လာခဲ့သည်။

ကိုရီးယားရိုးရာ အစားအစာတစ်ခုဖြစ်သော  ကင်ချီသည်  ပို့ကုန်တန်ဖိုးအားဖြင့် (၆.၄%) တိုးလာကာ အမေရိကန်ဒေါ်လာအားဖြင့် (၇၀.၇)သန်းအထိ ရောက်ရှိခဲ့သည်။ ဥရောပဈေးကွက် များသို့ အများအားဖြင့် ကင်ချီတင်ပို့မှုသည် (၂၅.၈%) နှင့် (၃၇.၅%) အသီးသီးတိုးလာပါသည်။

သက်တမ်းကြာရှည်ခံသည့်  ကင်ချီကဲ့သို့သော  ထုတ်ကုန်အသစ်များကို  မိတ်ဆက်ခြင်းနှင့် Walmart နှင့် Costcoကဲ့သို့သောအဓိကလက်လီစတိုးဆိုင်များသို့ တိုးချဲ့ဝင်ရောက်မှုသည် ဤတိုးတက်မှုကို တွန်းအားဖြစ်စေခဲ့သည်။

အမေရိကန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၏ လယ်ယာထွက် စားသောက်ကုန်များ အတွက်  အကြီးဆုံး တင်ပို့သည့် စျေးကွက်အဖြစ် ဂျပန်နှင့် တရုတ်နိုင်ငံတို့ကို ကျော်လွန်၍ ရပ်တည် ခဲ့သည်။ အမေရိကန်သို့ ပို့ကုန်တင်ပို့မှု (၁၇.၈%) တိုးလာကာ အမေရိကန်ဒေါ်လာ (၆၁၀) သန်း ရှိပါသည်။ 

စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ဂျပန်နဲ့ တရုတ်နိုင်ငံပြီးပါက  ပြီးခဲ့သောနှစ်အထိ တတိယအကြီးဆုံး ဈေးကွက်ဖြစ်ခဲ့သည့် အမေရိကန်သည် အခုအခါအကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်လာကြောင်း မှတ်ချက်ပြု၍ ပြောခဲ့သည်။

ထို့အပြင် တောင်ကိုရီးယား၏ စီးပွားရေးမူဝါဒများနှင့် ကုန်သွယ်မှု သဘောတူညီချက် များသည်  ၎င်းတို့၏  ထုတ်ကုန်များကို  တင်ပို့ရာတွင်  ချောမွေ့စေပြီးနိုင်ငံတကာဈေးကွက်တွင် K-Food ၏ အောင်မြင်မှုကို အထောက်အကူဖြစ်စေပါသည်။

စားသုံးသူများ၏ ခေတ်ရေစီးကြောင်းဖြစ်သည့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှု ပုံစံနှင့် ထူးခြားဆန်းပြားသော အချက်အပြုတ် အတွေ့အကြုံများသည်လည်း ကိုရီးယား အစားအစာ ထုတ်ကုန်များ  ၀ယ်လိုအား တိုးတက်လာရာတွင် ကြီးမားသည့်အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ပါဝင်ခဲ့သည်။

ကိုရီးယားအစားအစာများအပေါ် ကမ္ဘာတစ်ဝှမ်း စားသုံးလိုမှု တိုးပွားလာခြင်းနှင့်အတူ မဟာဗျူဟာကျကျ စျေးကွက်ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းလာမှုများကြောင့် တောင်ကိုရီးယား  လယ်ယာထွက် စားသောက်ကုန်များ၏   ပို့ကုန်တန်ဖိုးသည်  တိုးတက်လာသည့် လမ်းကြောင်းပေါ် သို့သာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းကို (၅.၆.၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် www. businesskorea.co.kr အရ သိရှိခဲ့ရသည်။

Source https://www.businesskorea.co.kr/news/articleView.html?idxno=218522

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၂)ရက်

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ