ဂျပန်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီနည်းပညာများဖြင့် ပြန်လည်အကောင်အထည်ဖော်

  • Wed, 19 April 2023

ဂျပန်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီနည်းပညာများဖြင့် ပြန်လည်အကောင်အထည်ဖော်


ဂျပန်နိုင်ငံ၏ လယ်ယာကဏ္ဍသည် အသက်အရွယ်အိုမင်းသော နိုင်ငံသား အများ အပြားကြောင့် လုပ်သားရှားပါးမှုနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်နေရပါသည်။ ၎င်းပြဿနာအား ပြည်ပမှ လက်ခံကျင့်သုံးလျက်ရှိသည့် ဖြေရှင်းချက်မှာ တတိယနိုင်ငံမှ ရွှေ့ပြောင်း အလုပ် သမား အများစုကို ခေါ်ယူခိုင်းစေခြင်းဖြစ်သော်လည်း ယခုအခါ ဂျပန်အစိုးရသည် ပိုမိုတွက်ချေ ကိုက်ပြီး လက်တွေ့ကျသော ဖြေရှင်းနည်းဖြစ်သည့် စက်မှုလယ်ယာကဏ္ဍဆီသို့ ဦးတည်နေ ပါသည်။

လူအစားထိုး အလိုအလျောက်ဆောင်ရွက်သည့်စနစ်နှင့် စက်ကိရိယာအသုံးပြုသည့် စနစ်များ ထွန်းကားလာမှုသည် စက်မှုလုပ်ငန်း အများအပြားကို ပြောင်းလဲစေခဲ့ပြီးဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍသည်လည်း ခြွင်းချက်အဖြစ် ကျန်ရစ်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် ဂျပန် နိုင်ငံရှိ လယ်ယာလုပ်ငန်းအများအပြားသည် လုပ်သားရှားပါးသည့်ပြဿနာကို ဖြေရှင်းရန် အတွက် နည်းပညာအသုံးပြုသည့်ဘက်သို့ ပြောင်းလဲလာကြသည်။ သာဓကကောင်း တစ်ခုမှာ Kyushu ၏ အနောက်ဘက်ခြမ်းရှိ စက်ရုံတစ်ခုဖြစ်သည့် Ishihara Food ဖြစ်ပါသည်။

၎င်းကို (၁၉၇၆)ခုနှစ်တွင် ဟင်းသီးဟင်းရွက် အမြောက်အမြားဖြန့်ချီရန်အတွက် တည်ထောင်ခဲ့ပြီးနောက် အရသာကောင်းမွန်လှသည့် Miyazaki ဟင်းသီးဟင်းရွက်များကို ဂျပန်နိုင်ငံ တစ်ဝှမ်းသို့ တင်ပို့ရောင်းချရန် ရည်မှန်းချက်ဖြင့် ကုမ္ပဏီသည် အေးခဲဟင်းသီး ဟင်းရွက်လုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်။

ကနဦးတွင် ကုမ္ပဏီ၌ စာချုပ်အရ စိုက်ခင်းအများအပြားရှိခဲ့သော်လည်း လိုအပ်သည့် လုပ်သား အင်အား မရရှိသည့် အခက်အခဲကြောင့် အချိန်တိုအတွင်း ပိတ်သိမ်းခဲ့ရသည်။

(၂၀၂၀)ခုနှစ်၌ စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည့် လူဦးရေ(၂၅၀,၀၀၀)ခန့်၏ ပျမ်းမျှ အသက်မှာ (၆၇.၇)နှစ်ဖြစ်ပြီး  (၄၉) နှစ်အောက်အရွယ် လူဦးရေမှာ (၂၃,၀၀၀) သာ ရှိသည့်အတွက် (၇၀) ရာခိုင်နှုန်းသော တောင်သူများသည် အသက် (၆၅)နှစ်နှင့်အထက် ဖြစ် သည်ဟု အဓိပ္ပါယ်ရပါသည်။ ဤကိန်းဂဏာန်းများသည် စိုက်ပျိုးရေး ကဏ္ဍတစ်ခုလုံးအား ပြင်းထန်သော သတိပေးချက်ဖြစ်စေနိုင်လောက်သည်အထိ တုန်လှုပ်ဖွယ်ဖြစ်စေခဲ့ပါသည်။

အထူးသဖြင့် ကပ်ရောဂါကာလအတွင်း၌ ပြည်ပမှ လုပ်သားခေါ်ယူရန် ပိုမို ခက်ခဲလျက်ရှိသော်လည်း စက်မှုလယ်ယာစနစ်သည် နှစ်ကြာလာသည်နှင့်အမျှ အရှိန်အဟုန် ဖြင့် တိုးတက်လျက်ရှိပြီးဖြစ်ပါသည်။

လွန်ခဲ့သော (၁၅)နှစ်အတွင်း Ishihara ခြံ၌ ဝန်ထမ်းဦးရေ (၉၀)ရာခိုင်နှုန်းကျော် လျှော့ချခဲ့ပါသည်။ ဝန်ထမ်းဦးရေ (၅၀)ဦးခန့်မှ ယနေ့ (၃-၄)ဦးအထိသို့ လျှော့ချပစ်သဖြင့် ထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားမည်ဟု ထင်မြင်ယူဆနိုင်သော်လည်း အခြေအနေအမှန်မှာ ၎င်း ထင်မြင်ချက်များနှင့် ဆန့်ကျင်ကွဲပြားလျက်ရှိပါသည်။

Ishihara ခြံ၏ နေရာအားလုံးနီးပါး၌ စကင်န်ဖတ်နိုင်သည့် QR ကုဒ်များကို ထားရှိ ပါသည်။ နေ့စဉ် အလုပ်သမားများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုလုံးအား ဆော့ဖ်ဝဲမှ ဆုံးဖြတ်ပေးပြီး ဝန်ထမ်းများ ဆောင်ရွက်ရမည့်အလုပ် နှင့် ဆောင်ရွက်ရမည့်အချိန်ကို ညွှန် ကြားပါသည်။

လွန်ခဲ့သော(၂၀)နှစ်ခန့်က စိုက်ခင်းများတွင် လူသားများ လုပ်ဆောင်ကြမည့်အစား ဒစ်ဂျစ်တယ်နည်းပညာဖြင့် အစားထိုးဆောင်ရွက်ကြရန် ပထမဆုံးစဉ်းစားမိကြသောအခါ နေရာပေါင်း (၇၅၀)တွင် စိုက်ဧရိယာစုစုပေါင်း (၅၀၀) ဟက်တာကို စီမံကြီးကြပ်နိုင်ရန် အတွက် ကွန်ယက်တစ်ခုကို စတင် ဖန်တီးချိတ်ဆက်ခဲ့ကြပါသည်။ လုပ်ငန်းမှတ်တမ်းများ၊ ကြီးထွားဖွံ့ဖြိုးမှုအခြေအနေ နှင့် အသုံးပြုထားသော စိုက်ပျိုးရေးဓာတုပစ္စည်းများ ပမာဏတို့ ပါဝင်သည့် လုပ်ငန်းစဉ်အားလုံးအား စီမံခန့်ခွဲနိုင်ရန်အတွက် စမတ်ဖုန်းများကို အသုံးပြုခဲ့ကြ ပါသည်။

လယ်ယာကဏ္ဍ၌ စက်မှုလယ်ယာသို့ ကူးပြောင်းခြင်းသည် အကျိုးကျေးဇူးများစွာ ရှိပါသည်။ အချက်အလက်တစ်ခုအနေဖြင့်ဆိုရသော် လုပ်သားစရိတ်သက်သာစေပါသည်။ စက် များသည် လစာ (သို့) ခံစားခွင့်များ (ပြုပြင်ထိန်းသိမ်းရုံမျှ) ပေးရန်မလိုဘဲ အားလပ်ချိန်မရှိ နာရီပတ်လုံး အလုပ်လုပ်နိုင်သည်။ အထူးသဖြင့် စက်များကို အသုံးပြုခြင်းသည် မတူညီသော လူမျိုးစုနှင့် ယဉ်ကျေးမှုနောက်ခံအသီးသီးရှိသူများနှင့် ပတ်သက်ဆက်နွယ်ရခြင်း၊ ယဉ်ကျေးမှု ဆိုင်ရာ အတားအဆီးများအား ကျော်လွှားရန် ထပ်လောင်းရင်းနှီးမြှုပ်နှံရခြင်းတို့နှင့် နှိုင်းယှဉ် ပါက ပိုမိုလွယ်ကူပါသည်။

သို့သော်လည်း စက်များကို အသုံးပြုခြင်းဖြင့် ဖြစ်နိုင်ချေရှိသော အားနည်းချက် များလည်း ရှိသည့်အပြင် လုပ်ငန်းအပေါ် စိုးရိမ်ဖွယ်ရာ သက်ရောက်မှု ဖြစ်စေနိုင်ပါသည်။ စက် များသည် စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်ပြီး လုပ်သားစရိတ်များကို လျှော့ချနိုင်သော်လည်း ထိုသို့ဆောင်ရွက်ခြင်းသည် လူသားလုပ်သားများကို အစားထိုးဆောင်ရွက်ကြခြင်း ဖြစ်သဖြင့် လူသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုများကို ဖြစ်စေနိုင်ကြောင်း၊ အထူး သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ကန့်သတ်ချက်ရှိပြီးဖြစ်သည့် ကျေးလက်ဒေသများ၏ မူလရှိရင်းစွဲ လူမှုအခြေအနေများကိုပင် ပိုမိုဆိုးရွားသွားစေနိုင်ကြောင်းကို (၁၄. ၄. ၂၀၂၃) ရက် နေ့တွင် ထုတ်ပြန်သည့် UCA News သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.ucanews.com/news/japan-is-reshaping-agriculture-with-technology/100984

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၉) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ