သြစတြေးလျတောင်သူများသည် အကောင်းဆုံး ထုတ်လုပ်မှုနှင့် ပို့ကုန်နှစ်များဆီသို့ ဦးတည်

  • Wed, 19 April 2023

သြစတြေးလျတောင်သူများသည် အကောင်းဆုံး ထုတ်လုပ်မှုနှင့် ပို့ကုန်နှစ်များဆီသို့ ဦးတည်


သြစတြေးလျတောင်သူများသည် ၎င်းတို့၏ တန်ဖိုးအရှိဆုံးနှစ်ကို bumper crop နှင့်အတူ မြင်တွေ့ရလိမ့်မည်ဟု ခန့်မှန်းမျှော်လင့်ကြပါသည်။ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှု အား ယခုနှစ် ဇွန်လကုန်တွင် အမေရိကန်ဒေါ်လာ (၇၅)ဘီလီယံအထိ စံချိန်မီ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဩစတေးလျနိုင်ငံ စိုက်ပျိုးရေး နှင့် စီးပွားရေး အရင်းအမြစ် ‌လေ့လာ သုံးသပ်ရေးဌာနခွဲ (ABARES) ၏ အဆိုအရ သိရှိရပါသည်။

ယူကရိန်းစစ်ပွဲကြောင့် သြစတြေးလျ၏ အကြီးမားဆုံး စိုက်ပျိုးရေးပို့ကုန်ဖြစ်သည့် ဂျုံ အပါအဝင် ကုန်ပစ္စည်းအချို့ ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ အချိန်အခါမီ မိုးရွာသွန်းမှု ကြောင့် ထုတ်လုပ်မှု မြင့်တက်လာမည်မှာ သေချာသဖြင့် လွန်စွာကံကောင်းလှကြောင်း Mel-bourne ရှိ La Trobe Institute for Agriculture and Food မှ ဒါရိုက်တာ Tony Bacic က ပြောကြားခဲ့ပါသည်။

မိုးရွာသွန်းမှုနောက်ကျလျှင် (သို့မဟုတ်) အချိန်မီ မိုးမပြတ်လျှင် အဓိကသီးနှံများ ဆုံးရှုံးသွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ယခုအကြိမ်၌ စိုက်ပျိုးရေးအတွက် ထူးထူးခြားခြားအခြေအနေပေးခြင်း နှင့် ကုန် ပစ္စည်းများ ဈေးကောင်းရရှိခြင်းတို့ကြောင့် ထုတ်လုပ်မှုအခြေအနေသည် စံချိန်တင်နိုင်ခဲ့ကြောင်း ဩစတေးလျနိုင်ငံ စိုက်ပျိုးရေး နှင့် စီးပွားရေးအရင်းအမြစ် ‌လေ့လာသုံးသပ်ရေးဌာနခွဲမှ Jared Greenville ၏ ထုတ်ပြန်ကြေငြာချက်တစ်ခု၌ ပြောကြားချက်အရ သိရှိရပါသည်။

နိုင်ငံတော်၏ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုသည် ရလဒ်များစွာကို တွန်းအားဖြစ် စေခဲ့ပြီး (၂၀၂၂-၂၃)ခုနှစ်တွင် ဆောင်းသီးနှံ တန်ချိန်(၆၇.၃)သန်း တင်ပို့ကာ စံချိန်သစ် တင်နိုင် မည်ဟု ခန့်မှန်းထားကြောင်း၊ ဂျုံအပါအဝင် နှံစားသီးနှံများကို အဓိကပံ့ပိုးပေးခဲ့သည့် ယူကရိန်း တွင် စစ်ပွဲများဖြစ်ပွားခြင်း နှင့် အခြားသော အဓိကတင်ပို့ရောင်းချသူများထံ၌ မိုးခေါင်ရေရှားမှု များ ဖြစ်ပွားခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့ပါသည်။

သြစတြေးလျတွင် ထုတ်လုပ်မှုတိုးတက်လာခြင်းသည် ရေကြီးပျက်စီးမှု နှင့် အနှောင့် အယှက်များကြောင့် ဆုံးရှုံးခဲ့ရသည်ထက် သာလွန်သည်ဟု ယုံကြည်ကြောင်း၊ သို့သော်လည်း ရာသီဥတု ခန့်မှန်းချက်များအရ ခြောက်သွေ့သည့်ရာသီဥတုကြောင့် လာမည့်နှစ်တွင် ပြောင်း လဲနိုင်ဖွယ်ရှိကြောင်း၊ တဆက်တည်းတွင် သြစတြေးလျ၏ အဓိကစားသောက်ကုန်တင်ပို့မှု ပမာဏသည်လည်း သိသိသာသာ ကျဆင်းဖွယ်ရှိကြောင်း Australian National University မှ အကြီးတန်း ကထိကဖြစ်သူ Sonia Akter က ပြောကြားခဲ့ကြောင်းကို (၁၄.၄.၂၀၂၃) ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည့် en.mercopress.com သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://en.mercopress.com/2023/04/14/australian-farmers-headed-for-one-of-their-best-production-and-export-years

တင်ပြသူ    ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၉) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ