စိုက်ပျိုးစီးပွားပညာရှင်များမှ ပိုမိုလွတ်လပ်သောကုန်သွယ်မှုဖြစ်စေရန်တွန်းအားပေးခြင်း အတန်အသင့်ခရီးရောက်

  • Wed, 26 April 2023

စိုက်ပျိုးစီးပွားပညာရှင်များမှ ပိုမိုလွတ်လပ်သောကုန်သွယ်မှုဖြစ်စေရန်တွန်းအားပေးခြင်း အတန်အသင့်ခရီးရောက်


အကောက်ခွန်မဲ့ကုန်သွယ်မှု အတားအဆီးများကို ဖြိုဖျက်ခြင်းသည် အမေရိကန် တောင်သူများအတွက် အဓိကကဏ္ဍတစ်ရပ် ဖြစ်ပါသည်။

ယခင်နှစ်သည် အမေရိကန် လယ်ယာထွက်ကုန် တင်ပို့မှုများအတွက် အလွန် အောင်မြင်ခဲ့သည့်နှစ် ဖြစ်ခဲ့ပါသည်။ အမေရိကန် လယ်ယာထွက်ကုန်များ၏ နိုင်ငံတကာ တင်ပို့ရောင်းချမှုသည် (၂၀၂၂)ခုနှစ်တွင် (၁၁%) မြင့်တက်ခဲ့သဖြင့် အမေရိကန်ဒေါ်လာ (၁၉၆) ဘီလီယံကျော် လွန်ခဲ့ပါသည်။ (၂၀၂၃)ခုနှစ်အတွက် မျှော်မှန်းချက်သည် ထိုကဲ့သို့ပင် ဆက် လက် တိုးတက်ဖွယ် ရှိပါသည်။

အီလီနွိုက်ပြည်နယ်မှ တောင်သူများသည် အမြတ်အစွန်းရရှိရေးအတွက် ပြည်ပရှိ ခိုင်မာသော ရောင်းဝယ်မှုအပေါ် မူတည်နေကြောင်း၊ ပို့ကုန်တင်ပို့မှုသည် စိုက်ပျိုးရေးကဏ္ဍ အတွက် လွန်စွာအရေးကြီးကြောင်း၊ အထူးသဖြင့် အနောက်အလယ်ပိုင်းတွင် အရေးပါလှ ကြောင်း အီလီနွိုက်တက္ကသိုလ်မှ စိုက်ပျိုးစီးပွားပညာရှင် Gary Schnitkey က ပြောကြားခဲ့ ပါသည်။

ဥပမာအားဖြင့် ပဲပုပ်စိုက်တောင်သူများသည် ၎င်းတို့စိုက်ပျိုးထွက်ရှိသည့် သီးနှံ၏ (၅၀%)ကို ပြည်ပသို့ တင်ပို့ရောင်းချကြောင်း၊ US ၏ ထိပ်တန်း ပို့ကုန်ပြိုင်ဘက်များဖြစ်သည့် ဘရာဇီး နှင့် အာဂျင်တီးနားတို့တွင် မိုးခေါင်ခြင်း နှင့် ရေရှားပါးခြင်းတို့ ဖြစ်ပွားခဲ့သောကြောင့် (၂၀၂၂) ခုနှစ်တွင် ပို့ကုန်တင်ပို့မှု တိုးတက်လာခဲ့ကြောင်း Schnitkey က ပြောကြားခဲ့ပါသည်။

ရာသီဥတုကောင်းမွန်ခြင်း၊ အထွက်နှုန်းမြင့်တက်လာခြင်းနှင့် ဈေးနှုန်းမြင့်ချိန်၌  ဝယ်လိုအား မြင့်တက်ခဲ့ခြင်းတို့ကြောင့် အမေရိကန်တောင်သူများသည် (၃)နှစ်အတွင်း အမြတ် အစွန်းများစွာရရှိခဲ့ကြောင်း၊ ထိုကဲ့သို့ အခြေအနေ ဆက်လက်ကောင်းမွန်စေရန်အတွက် ပို့ကုန် ဈေးကွက်သည် ဆက်လက်ရှင်သန်နေရန် လိုအပ်ကြောင်း၊ ၎င်းတို့၏ ဝင်ငွေနှင့် စျေးနှုန်းများ ယခုအခြေအနေ၌ပင် ဆက်လက်တည်မြဲနေစေရန်အတွက် ပို့ကုန်တင်ပို့မှု ဆက်လက် တိုးတက်နေရန် လိုအပ်ကြောင်း Schnitkey မှ ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံ၏ ပဲပုပ်ထုတ်လုပ်မှုတွင် အီလီနွိုက်ပြည်နယ်သည် ထိပ်တန်း (နံပါတ်-၁) ပြည်နယ် ဖြစ်ပါသည်။ ဘရာဇီးသည် အမေရိကန်၏ ပဲပုပ်တင်ပို့မှု ထိပ်တန်း ပြိုင်ဘက်ဖြစ်ပြီး တရုတ်နိုင်ငံသည် အမေရိကန် နှင့် ဘရာဇီး (၂)နိုင်ငံလုံးမှ တင်ပို့သည့် ပဲပုပ်အား ထိပ်တန်း (နံပါတ်-၁) ဝယ်ယူသူ ဖြစ်ပါသည်။

အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်သွယ်ရေးနှင့်ပြည်ပစိုက်ပျိုးရေးဆိုင်ရာ လက် ထောက်အတွင်းဝန် Alexis Taylor သည် ယခုလတွင် Iowa ပြည်နယ်၌ Biden အစိုးရ၏ နိုင်ငံ တကာ ကုန်သွယ်မှုတိုးမြှင့်ရန် ကြိုးပမ်းအားထုတ်မှုများအကြောင်းအား ဆွေးနွေးပြောကြား ခဲ့ပါသည်။ USDA သည် စျေးကွက်အခွင့်အလမ်းများကို ချဲ့ထွင်ရန် လုပ်ဆောင်နေကြောင်း၊ ခိုင်မာသော ပို့ကုန်ဈေးကွက်သည် တောင်သူများနှင့် မွေးမြူရေးသမားများ၏ အသက်မွေး ဝမ်းကျောင်းမှုအတွက် အမှန်တကယ်အရေးကြီးကြောင်း၊ စျေးကွက်တစ်ခုတည်းအပေါ် အလွန် အမင်းမှီခိုခြင်းသည် ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း သူမက Brownfield Ag News သို့ ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အမေရိကန်ကုန်သွယ်ရေးမူဝါဒ၏ အားနည်းချက် တစ်ခုမှာ ပစိဖိတ်ကမ်းရိုးတန်း နိုင်ငံများကဲ့သို့သော အခြားနိုင်ငံများနှင့် အကောက်ခွန်မဲ့ ကုန်သွယ်မှု အတားအဆီးများကို ဖယ်ရှားရန်ပျက်ကွက်ခြင်း ဖြစ်သည်ဟု Schnitkey က ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးကဏ္ဍတွင် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး အယူအဆသည် မဖွံဖြိုးသေးကြောင်း၊ ၎င်းတို့အနေဖြင့် နောက်ပြန်လှည့်နေသကဲ့သို့ ဖြစ်နေကြောင်း၊ ထို အခြင်းအရာသည် အမေရိကန်တောင်သူများ၏ ကြီးပွားတိုးတက်ရေးအတွက် ကောင်းမွန် သော ကိစ္စရပ် မဟုတ်ကြောင်း၊ အကောက်ခွန်မဲ့ ကုန်သွယ်မှု အတားအဆီးများ ဖယ်ရှားရေးကို အစိုးရမှ ပိုမို ဦးစားပေးဆောင်ရွက်စေလိုကြောင်း၊ နိုင်ဂျီးရီးယားနှင့် ပစိဖိတ်ကမ်းရိုးတန်း နိုင်ငံများသည် အမေရိကန်ကုန်သွယ်မှုပိုမိုရရှိရန် အလားအလာရှိသော စျေးကွက်များ ဖြစ်ကြောင်း Schnitkey က ပြောကြားခဲ့သည်။

လွတ်လပ်စွာကုန်သွယ်ခြင်း မှ ပိုမိုလွတ်လပ်စွာကုန်သွယ်နိုင်ခြင်းသည် ကုန်စည်ဒိုင် အများစုအတွက် အရေးကြီးသည်ဟု ခံစားရစေသော သတင်းစကားတစ်ခုဖြစ်ကြောင်း (၂၃. ၄. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် www.myjournalcourier.com သတင်းအရသိရှိရပါသည်။

Source    https://www.myjournalcourier.com/news/article/modern-farmer-more-free-trade-17820449.php

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဧပြီလ(၂၆) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ