ယူကရိန်းနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များတင်သွင်းမှု ဟန်ဂေရီ ပိတ်ပင်

  • Wed, 26 April 2023

ယူကရိန်းနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များတင်သွင်းမှု ဟန်ဂေရီ ပိတ်ပင်


ဟန်ဂေရီသည် ယူကရိန်းမှ တင်သွင်းသော အစေ့အဆန်များ၊ ပျားရည်နှင့် အသားထွက်ကုန်များ အပါအဝင် လယ်ယာထွက်ကုန်အများအပြားကို ဇွန်လ (၃၀) ရက်အထိ ပိတ်ပင်ထားကြောင်းကို ဟန်ဂေရီနိုင်ငံ အမျိုးသားလွှတ်တော်အမတ် Gergely Gulyás က ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားပါသည်။

၎င်း၏အဆိုအရ ဟန်ဂေရီနိုင်ငံ၏ ပိတ်ပင်မှုတွင် စိုက်ပျိုးရေးထုတ်ကုန်များနှင့် အဓိကနှံစားသီးနှံများ အပါအဝင် စုစုပေါင်း ထုတ်ကုန် (၂၅)မျိုး ပါဝင်ပါသည်။ ၎င်းတို့အနက် အရေးအကြီးဆုံးမှာ နှံစား သီးနှံများ၊ မုန်ညင်းစေ့ နှင့် နေကြာစေ့များ၊ ဂျုံမှုန့်၊ ဆီ၊ ပျားရည်နှင့် အသားထွက်ကုန်အချို့ ဖြစ်ပါသည်။

ဟန်ဂေရီ စိုက်ပျိုးရေးဝန်ကြီး István Nagy က ဟန်ဂေရီသည် ယူကရိန်း အစေ့ အဆန်များ သယ်ယူပို့ဆောင်ရေးကို ထိန်းချုပ်သည့်နည်းလမ်းဖြင့် ပို့ဆောင်နိုင်ရေး ဆက်လက် ခွင့်ပြုမည်ဟု ပြောကြားခဲ့ပါသည်။

ဟန်ဂေရီ တောင်သူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန်နှင့် တိကျ ပြတ်သားစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

သတင်းများအရ ပိုလန်၊ စလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဘူလ်ဂေး ရီးယား) တို့သည် ယူကရိန်းမှ စိုက်ပျိုးရေးသွင်းကုန်များကို ကန့်သတ်ရန် ဥရောပကော်မရှင် (EC) သို့ စာရေးတောင်းဆို ထားပါသည်။ ယူကရိန်းမှ EU ဈေးကွက်သို့ အစေ့အဆန်နှင့် ထုတ်ကုန်များ အများအပြား စီးဝင်မှုကြောင့် ယင်းထုတ်ကုန်များ၏ ဈေးနှုန်းများ ကျဆင်း သွားကာ ယူကရိန်း နှင့် ၎င်းနိုင်ငံများနယ်စပ်ရှိ လယ်သမားများကို ထိခိုက်နစ်နာစေခဲ့ပါသည်။

ပိုလန်၊ ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့သည် ယူကရိန်း လယ်ယာထွက်ကုန်များကို ၎င်းတို့၏ ပိုင်နက်အတွင်းသို့ တင်သွင်းခြင်းကို လုံးဝတားမြစ်ထားပါသည်။ ကုန်သွယ်ရေး စည်းမျဉ်းသည် EU ၏ လုပ်ပိုင်ခွင့်အတွင်း၌ရှိနေသောကြောင့် ယင်းကဲ့သို့ တစ်ဖက်သတ် လုပ်ရပ်များကို ထောက်ခံခြင်းမရှိကြောင်း EC က ယမန်နေ့တွင် ထပ်လောင်း ပြောကြားခဲ့ ပါသည်။ အစောပိုင်းက ယူကရိန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော EU နိုင်ငံများက တောင်သူ များကို ထောက်ပံ့ရန် ယူရို(၅၆)သန်း ခွဲဝေပေးခဲ့ကြောင်း EC ၏ ပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့ပါသည်။

ရုရှားနှင့်စစ်မဖြစ်မီက ယူကရိန်းဆန်များကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချ ခဲ့သည့် ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းများကို ရုရှား၏ ရေတပ်ပိတ်ဆို့ထားမှုကို တုံ့ပြန်သည့် အနေဖြင့် EU ၏ "စည်းလုံးညီညွတ်ရေးစင်္ကြံများ" ကို ယူကရိန်းနှင့် နယ်နိမိတ်တွင် ဖွဲ့စည်း ထားပါသည်။ ပိတ်ဆို့တားဆီးမှုများကြောင့် ကမ္ဘာ့အထိခိုက်ဆုံး နိုင်ငံများတွင် အငတ်ဘေး အန္တရာယ် ကျရောက်စေခဲ့ပါသည်။

ယင်းခြိမ်းခြောက်မှုကို လျော့ပါးသက်သာစေရန်အတွက် ကုလသမဂ္ဂနှင့် တူရကီတို့ အစပြုကြိုးပမ်းခဲ့သည့် Black Sea Grain Initiative သည်လည်း အပြောသက်သက်သာ ဖြစ် ခဲ့ပြီး ယူကရိန်းအစေ့အဆန်အချို့တင်ပို့မှုကို ခွင့်ပြုခဲ့သော်လည်း ယခုအခါ ရုရှားဖက်ဒရေးရှင်း မှ ပိတ်ပင်ထားကြောင်း သိရပါသည်။

EU ၏ “စည်းလုံးညီညွတ်ရေးစင်္ကြံ” ကြောင့် ယူကရိန်းသည် ကုန်းလမ်း၊ ရထားလမ်း နှင့် ကုန်းတွင်း ရေကြောင်းများဖြင့် ယူကရိန်းမှ အစေ့အဆန်တန်ချိန် (၂၅)သန်းကျော် တင်ပို့ နိုင်ခဲ့ကြောင်း (၂၀.၄.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ukrinform.net သတင်းဆောင်းပါး အရ သိရှိရပါသည်။

Source    https://www.ukrinform.net/rubric-economy/3698368-hungary-bans-imports-of-certain-agricultural-products-from-ukraine.html

တင်ပြသူ    ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဧပြီလ(၂၆) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ