၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယစိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂၆.၃) ဘီလီယံ ရရှိပြီး (၉) ရာခိုင်နှုန်း မြင့်တက်

  • Thu, 18 May 2023

၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယစိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂၆.၃) ဘီလီယံ ရရှိပြီး (၉) ရာခိုင်နှုန်း မြင့်တက်


(၂၀၂၂)ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက (၂၀၂၂-၂၀၂၃)ခုနှစ်တွင် စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန် နှင့် ပြုပြင်ထုတ်လုပ်ထားသော စားသောက်ကုန်များ တင်ပို့မှုမှသည် အမေရိကန်ဒေါ်လာ (၂၆.၃) ဘီလီယံရရှိခဲ့ပြီး၊ (၉%)ခန့်မြင့်တက်လာခဲ့ပါသည်။ အကြောင်းမှာ ဆန်၊ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်များ၊ မွေးမြူးရေးထွက်ကုန်များနှင့် နို့ထွက်ပစ္စည်းများ တင်ပို့မှု မြင့်တက် လာခြင်းကြောင့် ဖြစ်ပါသည်။

စိုက်ပျိုးရေးထုတ်ကုန်နှင့် ပြုပြင်ထုတ်လုပ်ထားသော စားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (Apeda)အောက်တွင် ကုန်ပစ္စည်းတင်ပို့မှုသည် (၂၀၂၃) ဘဏ္ဍာနှစ်အတွက် မျှော်မှန်းလျားထားချက် အမေရိကန်ဒေါ်လာ (၂၃.၅၆)ဘီလီယံကို ကျော်လွန် သွားခဲ့ပါသည်။
ကူးသန်းရောင်းဝယ်ရေးနှင့် စာရင်းအင်းဌာန၏ ညွှန်ကြားရေးမှူးချုပ်မှ (၂၀၂၃) ဘဏ္ဍာ နှစ်တွင် ဆန်တင်ပို့မှုတန်ဖိုးသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် အမေရိကန်ဒေါ်လာ (၉.၆) ဘီလီယံမှ (၁၁.၁) ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁၅%)အထက် မြင့်တက် လာခဲ့ပါသည်။ ပမာဏအားဖြင့် ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် (၂၂.၃၄)မီလီယံတန်ထက် (၅%) တိုးလာခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့ပြီး ဆန်ဖြူတင်ပို့မှုအပေါ် (၂၀%) အခွန်သတ်မှတ်ထားသော်လည်း ဆန်တင်ပို့မှု တိုးတက်ခဲ့သည့် အောင်မြင်မှုရရှိခဲ့ပါသည်။

အထူးသဖြင့် အနောက်အာရှနိုင်ငံများ၊ အာဖရိကနှင့် ဥရောပနိုင်ငံများမှ ခိုင်မာသော ကမ္ဘာ့ ဝယ်လိုအားကဲ့သို့သော အကြောင်းအရင်းများကြောင့် ဆန်တင်ပို့မှု မြင့်တက်လာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက မှတ်ယူခဲ့ကြပါသည်။ အကြောင်းမှာ အဆိုပါနိုင်ငံများအတွက် အဓိက ဆန်တင်ပို့သောနိုင်ငံဖြစ်သည့် ပါကစ္စတန်နိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းကြောင့် ဆန်အမြောက်အများ ပျက်စီးရှုံးဆုံးခဲ့မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ဖြစ်ပါသည်။ အိန္ဒိယ နိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်းတွင် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံတစ်ခု ဖြစ်ခဲ့ပြီး လတ်တလောတွင် ကမ္ဘာ့ဆန်ကုန်သွယ်မှုတွင် (၄၅%)ခန့် ရှိပါသည်။

အိန္ဒိယနိုင်ငံ၏ ဈေးနှုန်းများမှာ ကမ္ဘာတင်ပို့ရောင်းချသူများကြားတွင် အပြိုင်အဆိုင် အရှိဆုံးဖြစ်ပြီး ၎င်း၏ စုစုပေါင်းဆန်တင်ပို့မှုမှာ စံချိန်တင်မြင့်တက်လျက်ရှိသည်ဟု အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဦးစီးဌာန (USDA) မှ ၎င်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် သီးနှံအထွက်နှုန်း တွင် ဖော်ပြထားပါသည်။

ခိုင်မာသော ကမ္ဘာ့ဝယ်လိုအားနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှု မြင့်တက်လာပြီး ဆန်အရည်အသွေးသတ်မှတ်ချက်များကို လိုက်နာမှုကြောင့် အိန္ဒိယဆန် ဝယ်လိုအားသည် သိသိသာသာ တိုးလာခဲ့ပြီး နိုင်ငံပေါင်း (၇၅)နိုင်ငံကျော်သို့ တင်ပို့လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးမှ FE သို့ ပြောကြားခဲ့ပါသည်။

ပြုပြုင်ထုတ်လုပ်ထားသော သစ်သီးများ၊ လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီး ဟင်းရွက်များတင်ပို့မှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် (၁၈.၈)ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ)ထိ တိုးလာခဲ့ကြောင်း သိရှိရပါသည်။ (၂၀၂၃)ဘဏ္ဍာနှစ်တွင် ကောက်ပဲသီးနှံ နှင့် ပြုပြင်ထုတ်ပိုးထားသော စားသောက်ကုန်တင်ပို့မှုသည် (၂၀)ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ)ထိ မြင့်တက်လာခဲ့ပါသည်။
အသား၊ နို့ထွက်ပစ္စည်း နှင့် ကြက်ဘဲထွက်ကုန်များတင်ပို့မှုသည် ယခင်နှစ်၏ ဘဏ္ဍာနှစ်မှ ရရှိခဲ့သော အမေရိကန်ဒေါ်လာ (၄)ဘီလီယံနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းခဲ့ပါသည်။ သို့သော်လည်း  ရူပီးငွေကြေးအရ တင်ပို့မှုပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် (ရူပီး ၃၂,၃၃၄ ကုဋေ) (၄)ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။

Apeda အောက်တွင် ကုန်ပစ္စည်းတင်ပို့မှုသည် (၂၀၂၁-၂၀၂၂)ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၂၅.၆)ဘီလီယံရှိပြီး ၎င်းသည် စုစုပေါင်းစိုက်ပျိုးရေးထွက်ကုန်တင်ပို့မှု၏ (၅၁)ရာခိုင်နှုန်း ခန့်ရှိပြီး အမေရိကန်ဒေါ်လာ (၅၀) ဘီလီယံအထက်တွင် ရှိပါသည်။ လယ်ယာထွက်ကုန်များ တင်ပို့ရာတွင် ပင်လယ်စာ၊ ဆေးရွက်ကြီး၊ ကော်ဖီ နှင့် လက်ဖက်များ ပါဝင်ပါသည်။

စိုက်ပျိုးရေးဆိုင်ရာနှင့် ပြုပြင်ထုတ်ထုတ်ထားသော စားသောက်ကုန်များ တင်ပို့မှု မြင့်တက်ခဲ့ရသည့် အကြောင်းမှာ နိုင်ငံများစွာတွင်  B2B ပြပွဲများ ကျင်းပခြင်း၊ ကမ္ဘာလုံး ဆိုင်ရာ hypermarket ကွင်းဆက်များနှင့် ချိတ်ဆက်ခြင်း၊  အိန္ဒိယမစ်ရှင်များ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ထုတ်ကုန်အလိုက် ဈေးကွက်ရှာဖွေရေး ကမ်ပိန်းများမှတဆင့် ဈေးကွက်အသစ်များ စူးစမ်းရှာဖွေခြင်း စသည့် အစိုးရ၏ အစပျိုးမှုများကြောင့် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါကြောင်း (၈-၅-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.financialexpress.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source    https://www.financialexpress.com/economy/agri-exports-rise-9-to-26-3-bn-in-fy23/3077928/

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မေလ (၁၇) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ