သီရိလင်္ကာနိုင်ငံ၌ လုပ်ကွက်ငယ်လက်ဖက်စိုက်ပျိုးသူများ၏ စိုက်ပျိုးထုတ်လုပ်မှုမှာ စုစုပေါင်းထုတ်လုပ်မှု၏ (၇၇%) ရှိကြောင်း ပြည်ထောင်စုဝန်ကြီးမှပြောကြား

  • Mon, 26 June 2023

သီရိလင်္ကာနိုင်ငံ၌ လုပ်ကွက်ငယ်လက်ဖက်စိုက်ပျိုးသူများ၏ စိုက်ပျိုးထုတ်လုပ်မှုမှာ စုစုပေါင်းထုတ်လုပ်မှု၏ (၇၇%) ရှိကြောင်း ပြည်ထောင်စုဝန်ကြီးမှပြောကြား


လက်ဖက်ထုတ်လုပ်မှုလုပ်ငန်း တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ သီရိလင်္ကာနှင့် အိန္ဒိယနှစ်နိုင်ငံသည် ပြောင်းလဲနေသော အခင်းအကျင်းကို ညွှန်ပြရန်နှင့် လက်ဖက်စိုက်ပျိုး သူများ နှင့် စားသုံးသူများအတွက် သာယာဝပြောသောအနာဂတ်ကို သေချာစေရန်အတွက် ဆန်းသစ်သော ဗျူဟာများကို တက်ကြွစွာ ရှာဖွေလျက်ရှိပါသည်။


သီရိလင်္ကာဝန်ကြီးဖြစ်သူ Mr.Ramesh Pathirana မှ အိန္ဒိယကုန်သည်ကြီးများ အသင်းမှ စီစဉ်ကျင်းပသော BIMSTEC လက်ဖက်ပွဲတော်အတွင်း သီရိလင်္ကာနိုင်ငံ၏ လက်ဖက် စုစုပေါင်းထုတ်လုပ်မှုတွင် လုပ်ကွက်ငယ် လက်ဖက်စိုက်ပျိုးသူများ (STGs) ၏ အရေးပါသော အခန်းကဏ္ဍများကို အလေးပေးပြောကြားခဲ့ပါသည်။  ဝန်ကြီးသည် လုပ်ကွက်ငယ် လက်ဖက်စိုက်ပျိုးသူများ(STGs)အတွက် ထောက်ပံ့ရေးပစ္စည်းများပံ့ပိုးပေးရန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ထားမှု နှင့် လက်ဖက်ထုတ်လုပ်မှု လုပ်ငန်းတွင် ကုန်ထုတ်စွမ်းအား မြှင့်တင်ရန် အဆင့်မြင့် နည်းပညာများကို အသုံးပြုနိုင်ရေးအတွက် ကတိကဝတ်များကို အလေးပေး ဖော်ပြခဲ့ပါသည်။


လုပ်ကွက်ငယ်လက်ဖက်စိုက်ပျိုးသူများ(STGs)သည် သီရိလင်္ကာနိုင်ငံ၏ စုစုပေါင်း လက်ဖက်ထုတ်လုပ်မှု၏ (၇၇) ရာခိုင်နှုန်းခန့်ရှိကြောင်း ဝန်ကြီးမှပြောကြားခဲ့ပါသည်။ အစိုးရသည် ၎င်းတို့၏အရေးပါမှုကို အသိအမှတ်ပြုသည့်အနေဖြင့် မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ အဆင့်မြင့် နည်းပညာများရယူအသုံးပြုခြင်းနှင့် လုပ်ကွက်ငယ် လက်ဖက်စိုက်ပျိုးသူများအကြား အကောင်းဆုံး စိုက်ပျိုးရေးနည်းစနစ်များဖြင့် အကောင်အထည်ဖော်ခြင်းစသည့် လုပ်ငန်းများကို ကူညီ ပံ့ပိုးပေးခဲ့ပါသည်။ ဤနည်းစနစ် များသည် လက်ရှိဈေးကွက်များကို တည်တံ့စေရန်နှင့် စက်မှုလုပ်ငန်းများတွင် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုများကိုအားပေးရန် ရည်ရွယ်ပါသည်။


သီရိလင်္ကာ၏ လက်ဖက်ထုတ်လုပ်မှုပမာဏ အများစုကို နိုင်ငံအသီးသီးသို့ တင်ပို့ ရောင်းချလျက်ရှိပြီး အဓိကအားဖြင့် ရုရှား၊ တူရကီနှင့် အီရန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံသည် ယမန်နှစ်က လက်ဖက်ကီလိုဂရမ် (၂၅၀) သန်း ထုတ်လုပ်ခဲ့ပြီး ယခုနှစ်ကုန်တွင် ကီလိုဂရမ် (၂၈၀) သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထား ကြပါသည်။ သို့သော်လည်း ကမ္ဘာ့လက်ဖက်ဈေးကွက် ပမာဏလျော့နည်းခြင်းသည် စက်မှု 

လုပ်ငန်းအတွက် သိသာထင်ရှားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဝန်ကြီးမှ ဝန်ခံပြောကြား ခဲ့ပါသည်။


Mr.Atul Asthana မှ အိန္ဒိယနိုင်ငံတွင် တစ်ဦးချင်း လက်ဖက်ရည် သောက်သုံးမှု တိုးတက်မလာသည်နှင့်  ပတ်သက်၍ လုပ်ကွက်ငယ်လက်ဖက်စိုက်ပျိုးသူများ (STGs) သည် ကီလိုဂရမ် သန်းပေါင်း (၁,၃၅၀)ခန့်ဖြင့် တစ်နိုင်ငံလုံးစုစုပေါင်းထုတ်လုပ်မှု၏ (၅၅%)ကို ပံ့ပိုး ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ပြည်တွင်းစားသုံးမှုကို မြှင့်တင်ရန် ရည်ရွယ်သည့် အရောင်းမြှင့်တင်ရေး ကမ်ပိန်းကိုစတင်ရန်အတွက် Tea Board အဖွဲ့မှ ပံ့ပိုးကူညီမှု တိုးမြှင့် ပေးရန် Mr.Asthana မှ တောင်းဆိုခဲ့ပါသည်။


Asthana ၏ တောင်းဆိုမှုကိုတုံ့ပြန်သည့်အနေဖြင့် Tea Board မှ တာဝန်ရှိသူ တစ်ဦးက ယေဘုယျအားဖြင့် အရောင်းမြှင့်တင်ရေး ကမ်ပိန်းမရှိခြင်းသည် ရန်ပုံငွေ မလုံလောက် ခြင်းကြောင့်ဟု ယူဆနိုင်ပါကြောင်း၊ သို့သော်လည်း Tea Board သည် အထူးသဖြင့် လူငယ်များကို အဓိကထားပြီး ဒစ်ဂျစ်တယ်နှင့် ဆိုရှယ်မီဒီယာအသုံးပြု၍ အရောင်းမြှင့်တင်ရေး ဗျူဟာများကို ဆောင်ရွက်လျက်ရှိပါကြောင်း သူမက ပြောကြားခဲ့ပါသည်။


သီရိလင်္ကာအစိုးရ၏ လုပ်ကွက်ငယ်လက်ဖက် စိုက်ပျိုးသူများအား ပံ့ပိုးကူညီခြင်း အပေါ် ထောက်ပံ့မှုများနှင့် နည်းပညာရယူလက်ခံခြင်းများမှရရှိလာမည့် အကျိုးသက်ရောက်မှု များသည် လက်ဖက်လုပ်ငန်းကို အားကောင်းစေရန်ဆောင်ရွက်လျက်ရှိသည့်အတွက် ၎င်း၏ ကတိကဝတ်ပြုမှုကို သိသာထင်ရှားစေပါသည်။ လက်ရှိစျေးကွက်များကို တည်ငြိမ်စေခြင်းနှင့် အခွင့်အလမ်းသစ်များ ရှာဖွေခြင်းတို့သည် သီရိလင်္ကာနိုင်ငံသည် လျော့ကျနေသော ကမ္ဘာ့ လက်ဖက်ဈေးကွက်၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ရည်မှန်းထားပါသည်။


ထို့အပြင် အိန္ဒိယနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် အရောင်းမြှင့်တင်ရေး ကမ်ပိန်းတစ်ခု ပြုလုပ်ရန် တောင်းဆိုမှုသည် လက်ဖက်လုပ်ငန်း၏ တိုးတက်မှုကို ရေရှည်တည်တံ့ရန်အတွက် ပြည်တွင်းစားသုံးမှု ၏အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိကြောင်း (၁၆.၆.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော  KRISHI JAGRAN ကွန်ရက်၏ ဆောင်းပါးအရသိရှိရပါသည်။


Source https://krishijagran.com/agriculture-world/sri-lankas-small-tea-growers-account-for-77-of-total-production-says-minister/


တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ