ပြည်ပဝယ်လိုအား ပုံမှန်ရှိနေသော်လည်း မန်ကျည်းသီးမှည့် (အသစ်) ဈေးနှုန်း အကျဘက်သို့ ဦးတည်လျက်ရှိ

  • Wed, 28 June 2023

ပြည်ပဝယ်လိုအား ပုံမှန်ရှိနေသော်လည်း မန်ကျည်းသီးမှည့် (အသစ်) ဈေးနှုန်း အကျဘက်သို့ ဦးတည်လျက်ရှိ



ဇွန်လအစောပိုင်းတွင် နိုင်ငံခြားကုန်သွယ်ဖက်များမှ လစဉ် မန်ကျည်းသီးမှည့် (အသစ်) တန်ချိန် (၅၀၀) ဝယ်ယူရန် အဆိုပြုခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ စီးပွားရေး လုပ်ငန်းရှင် များအား အသိပေးခဲ့သော်လည်း မန်ကျည်းသီးမှည့် (အသစ်) ဈေးနှုန်းများမှာ ဆက်လက် ကျဆင်းလျက်ရှိပါသည်။

 

ပြည်တွင်းဈေးကွက်များတွင် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း မန်ကျည်းသီးမှည့်ဈေးနှုန်းမှာ (၂၀၂၂)ခုနှစ် မှ (၂၀၂၃)ခုနှစ် နှစ်လယ်ပိုင်းအထိ အကျဘက်သို့ ဦးတည်နေသည်ကို တွေ့ရှိရပါသည်။


၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့တွင် အစေ့ပါသော မန်ကျည်းသီးမှည့် ဈေးနှုန်းများ သည် (၁) ပိဿာလျှင် မြန်မာငွေ ကျပ် (၁,၃၀၀) နှင့် (၁,၄၀၀) အကြားတွင် ရှိပြီး အစေ့လွတ် မန်ကျည်းသီးမှည့် ဈေးနှုန်းများသည် (၁) ပိဿာလျှင် မြန်မာငွေ ကျပ်(၂,၁၀၀) နှင့် (၂,၄၀၀) အကြားတွင် ရှိပါသည်။


၂၀၂၂ ခုနှစ်တွင် အစေ့ပါသော မန်ကျည်းသီးမှည့် ဈေးနှုန်းများသည် (၁) ပိဿာလျှင် မြန်မာငွေ (၂,၁၀၀-၂,၂၀၀) ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး အစေ့လွတ်မန်ကျည်းသီးမှည့် ဈေး နှုန်းများမှာ (၁) ပိဿာလျှင် မြန်မာငွေ (၂,၈၀၀-၃,၈၀၀) ကျပ်အထိ ဈေးမြင့်တက်ခဲ့ပါသည်။


မန်ကျည်းသီးမှည့်များကို ရမည်းသင်း၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ပခုက္ကူနှင့် မြန်အောင် ဒေသတို့တွင် အဓိက ထုတ်လုပ်ပါသည်။ မန်ကျည်းသီးမှည့် ထုတ်လုပ်သည့် ဒေသများ မှ စီပွားရေးလုပ်ငန်းရှင်များသည် ၂၀၂၂ ခုနှစ်ကဲ့သို့ ဈေးကောင်းရရှိမည်ဟု ခန့်မှန်း ထားသော်လည်း အဆိုပါခန့်မှန်းချက် မှားယွင်းခဲ့ကာ ဈေးနှုန်း နိမ့်လျက်ရှိပါသည်။


အဆိုပါဒေသများမှ ကုန်သည်များသည် ပြည်ပဝယ်လိုအားကြောင့် ဈေးကောင်း ရရှိရန် မျှော်မှန်း၍ သိုလှောင်ထားသော မန်းကျည်းသီးမှည့်များကို ၎င်းတို့ လက်ဝယ် ဆက်လက် သိမ်းဆည်းထားပါသည်။ သို့သော်လည်း ယခုအချိန်ထိ ဝယ်ယူရန် အဆိုပြုလွှာများကို လက်ခံ ရရှိသေးခြင်း မရှိကြောင်း ဘုရင့်နောင်လက်ကားဈေးစင်တာရှိ မန်ကျည်းသီးမှည့် ကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။


မန်ကျည်းသီးမှည့်(အသစ်) ဈေးနှုန်းများသည် ၂၀၂၃ ခုနှစ် အစပိုင်းတွင် (၁)ပိဿာလျှင် မြန်မာငွေ (၁,၃၅၀) ကျပ်အထိရှိပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် မြန်မာငွေ (၇၀၀)ကျပ်အထိ ကျဆင်းသွားခဲ့ပါသည်။ နောက် (၅)လအတွင်း ဈေးကွက်သို့ မန်ကျည်းသီးမှည့် (အသစ်) များ ဝင်ရောက်ရန် ရှိပါသည်။ ဈေးနှုန်းမြင့်တက်ရန် အခွင့်အလမ်း အနည်းငယ်သာရှိတော့ကြောင်း စိန်ပန်းလမ်း (ဘုရင့်နောင်)ရှိ မန်ကျည်းသီးမှည့်ကုန်စည်ဒိုင်မှ ရောင်းချသူတစ်ဦးက ပြောကြား ခဲ့ကြောင်း (၂၁-၆-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com.mm ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။


Source https://www.gnlm.com.mm/fresh-tamarind-price-on-downward-trend-despite-steady-foreign-demand/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၈) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ