တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုအားကောင်းစေရန် တွန်းအားပေးဆောင်ရွက်ချက်ရှိ

  • Wed, 5 July 2023

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုအားကောင်းစေရန် တွန်းအားပေးဆောင်ရွက်ချက်ရှိ



ဗီယက်နမ်နိုင်ငံသည် တရုတ်နှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုတွင် သိသာ ထင်ရှားစွာ မြင့်တက်လာသည်ကို တွေ့ရှိရပြီး နှစ်နိုင်ငံအကြားရှိ စုစုပေါင်းသွင်းကုန် - ပို့ကုန် ပမာဏမှာ (၂၀၂၂) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၇၅.၆) ဘီလီယံအထိ ရောက်ရှိခဲ့ပါသည်။ အမေရိကန်နှင့် ဥရောပဈေးကွက်များ၌ အချို့သော အဓိကပို့ကုန်ကဏ္ဍများတွင် ရင်ဆိုင် နေရသော စိန်ခေါ်မှုများကြား ဗီယက်နမ် စိုက်ပျိုးရေးထွက်ကုန်များသည် အထူးသဖြင့် တရုတ်နိုင်ငံတွင် ထူးထူးခြားခြား အောင်မြင်မှုများ ရရှိခဲ့ပါသည်။

မေလတစ်လတည်းတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၅၆) သန်းခန့် ရှိပြီး ယခုနှစ် ပထမ (၅) လပိုင်းအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၂)ဘီလီယံအထိ ရောက်ရှိခဲ့သောကြောင့် တစ်နှစ်ထက်တစ်နှစ် (၄၃%)ခန့် သိသိသာသာ တိုးလာသည်ကို တွေ့ရှိရပါသည်။

တရုတ်ဈေးကွက်တွင် ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စုစုပေါင်း တင်ပို့မှုမှာ (၆၄) ရာခိုင်နှုန်းနီးပါးရှိပြီး တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ထွက်ကုန်များကို အဓိက စားသုံးသူအဖြစ် ရပ်တည်လျက်ရှိပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ (၁.၂၈)ဘီလီယံ တန်ဖိုးရှိပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက (၈၀%) ကျော် ပို၍ မြင့်တက်ခဲ့ပါသည်။

ဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် Zingnews ၏ ဖော်ပြချက်အရ အထူးသဖြင့် ဒူးရင်းသည် တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏမှာ ထူးထူးခြားခြား မြင့်တက်လာသည်ကို တွေ့ရှိရပြီး မေလ တစ်လတည်းတွင် အမေရိကန်ဒေါ်လာ (၃၃၂) သန်းအထိ အံ့အားသင့်ဖွယ် စံချိန်တင်မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်လထက် (၁၀) ဆ မြင့်တက်ခဲ့ပါသည်။

နှစ်စမှ မေလအထိ စုစုပေါင်း ဒူးရင်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၅၀၃.၄)သန်း ရှိပြီး ပြီးခဲ့သည့်နှစ်အလားတူကာလအတွင်း မှတ်တမ်းအရ ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ (၂၇.၆)သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၄၇၅.၈)သန်း တိုးလာသည်ကို တွေ့ရှိ ရပါသည်။ ၎င်းတို့အနက် တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၄၇၇)သန်း ရှိပြီး ဗီယက်နမ်၏ ပို့ကုန်ဈေးကွက်တစ်ခုလုံး၏ (၉၅%)ခန့်ကို ကိုယ်စားပြုပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလအထိသာ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရှိထား သော်လည်း ယခုနှစ်အတွက် ဒူးရင်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၁) ဘီလီယံအထိ ရရှိခဲ့ ပါသည်။

ဇွန်လ၏ ပထမ ရက်(၂၀)အတွင်း၌ပင် ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၇၂၃.၃)သန်းအထိ ရောက်ရှိခဲ့ရာ ပြီးခဲ့သည့်လ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ (၆၅၆) သန်းထက် ပိုများခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၇၉%) တိုးတက်လာခဲ့ပါသည်။ ခန့်မှန်းချက်များအရ အဆိုပါသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ယခုနှစ်ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ (၃) ဘီလီယံအထိ ရောက်ရှိ နိုင်မည်ဟု ခန့်မှန်းထားပြီး ၎င်းသည် (၂၀၂၂)ခုနှစ်၊ တစ်နှစ်လုံးတင်ပို့မှု့နှင့် ညီမျှလိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအပါအဝင် ဗီယက်နမ်၏ အခြားသော စိုက်ပျိုးရေး ထွက်ကုန်များဖြစ်သော စပါး၊ ကော်ဖီ၊ ငရုတ်နှင့် သီဟို၌စေ့များသည်လည်း တရုတ် ဈေးကွက်တွင် ကောင်းစွာ ရောင်းဝယ်လျက်ရှိပါသည်။

ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းအင်းများအရ ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုများသည် ယခုနှစ်ပထမ (၅) လအတွင်း တန်ချိန် (၃.၆၂) သန်းအထိ ရှိခဲ့ပါသည်။ အထူးသဖြင့် ဈေးကွက် စိန်ခေါ်မှုအခြေအနေများကြားနှင့် ပို့ကုန်အပြောင်းအလဲများတွင် ဆန်သည် ဆက်လက် တင်ပို့မှု တိုးတက်လာသည့် ကုန်စည်တစ်ခုဖြစ်ပါသည်။

တရုတ်သို့ အဆိုပါအဓိက အစားအစာဖြစ်သည့် ဆန်တင်ပို့မှုများသည် (၇၉%)ခန့် တိုးတက်လာပြီး အမေရိကန်ဒေါ်လာအားဖြင့် (၃၆၅)သန်း ရှိပါသည်။ ထို့အပြင် တရုတ်သို့ ဆန်တင်ပို့မှုမှာ ပျမ်းမျှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၅၈၉)အထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်း ယှဉ်ပါက (၁၈%)ခန့် တိုးလာခဲ့ပါသည်။

တရုတ်နိုင်ငံ၏ အထွေထွေအကောက်ခွန်စီမံကွပ်ကဲမှု၏ အချက်အလက်များအရ တရုတ် နိုင်ငံသည် အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ ဆန်တင်သွင်းမှုကို လျှော့ချခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ဆန်များကို သိသိသာသာ တိုး၍ တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။ ရလဒ်အနေဖြင့် တရုတ်၏ စုစုပေါင်းဆန်တင်သွင်းမှုတွင် ဗီယက်နမ်ဈေးကွက်၏ ပါဝင်မှုမှာ ပြီးခဲ့သည့်နှစ်က တင်ပို့ခဲ့သည့် (၆.၇%)နှင့် နှိုင်းယှဉ်ပါက (၁၉.၂%)ထိ မြင့်တက်ခဲ့ပါသည်။

ဇွန်လ (၂၆) ရက်နေ့တွင် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တို၏ ဆွေးနွေးမှု၌ ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ပထဝီဝင်ဆိုင်ရာ အားသာချက်များကို အသုံးချကာ အပြန်အလှန် ချိတ်ဆက်မှု၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်နှင့် ပင်လယ်စာထွက်ကုန်များ ဈေးကွက်ရရှိရေး အရှိန်မြှင့်ဆောင်ရွက်ရန်၊  Chengdu နှင့် Haikou တွင် ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေးရုံး တည်ဆောက်ရန်၊ အကောက်ခွန်ရှင်းလင်းရေး ထိရောက်တိုးတက် စေရန်၊ ပူးပေါင်းဆောင်ရွက်သော စီမံကိန်းများတွင် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရန် နှင့် တရုတ်မှ ဗီယက်နမ်သို့ အကျိုးအမြတ်မမျှော်လင့်ဘဲ  ပြန်လည်ပေးဆပ်ရန် မလိုသည့် အကူအညီများကို အမြန်အကောင် အထည်ဖော်ရန် အဆိုပြုခဲ့ကြောင်း (၂၉-၆-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://vietnamnet.vn  ၏ သတင်းအချက်အလက်များ အရ သိရှိရပါသည်။

Source    https://vietnamnet.vn/en/china-drives-vietnam-s-agricultural-export-boom-2159681.html

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ