(၂၀၂၃) ခုနှစ်၊ ပထမနှစ်ဝက်တွင်အီဂျစ်စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုတိုးတက်လာကြောင်း ခိုင်ခိုင်မာမာသက်သေပြနိုင်ခဲ့

  • Thu, 13 July 2023

 (၂၀၂၃) ခုနှစ်၊ ပထမနှစ်ဝက်တွင်အီဂျစ်စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုတိုးတက်လာကြောင်း ခိုင်ခိုင်မာမာသက်သေပြနိုင်ခဲ့




၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့အတွင်း အီဂျစ်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှု စုစုပေါင်း (၄,၆၅၄,၂၄၆)တန်ခန့် တင်ပို့နိုင်ခဲ့ပြီး ဖြစ်ကြောင်း စိုက်ပျိုးရေး နှင့် မြေယာပြန်လည်ထူထောင်ရေးဝန်ကြီး မစ္စတာ Mohamed Al-Quseir  မှ အတည်ပြုပြောကြားခဲ့ပါသည်။ မှတ်တမ်းအရ ယခင်နှစ်ကာလတူ၌ တန်ချိန် (၃,၉၃၆,၃၅၀) ဝန်းကျင်သာ တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်တွင် တန်ချိန် (၇၁၇,၈၉၆) ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရှိ ရပါသည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း အီဂျစ် စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုအခြေအနေအား တင်ပြ ထားသည့် အီဂျစ်စိုက်ပျိုးရေးဆိုင်ရာ ပိုးမွှားရောဂါထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ ဥက္ကဌ ဖြစ်သူ ဝန်ကြီး Dr. Ahmed Al-Attar ၏ အစီရင်ခံစာအရ အီဂျစ်နိုင်ငံမှ လိမ္မော်သီး တင်ပို့မှု တန်ချိန်  (၁.၉)သန်း အထိ ပထမဆုံးအကြိမ်အဖြစ် တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း Mr. Al-Quseir က အသိအမှတ်ပြုခဲ့ပါသည်။


 စိုက်ပျိုးရေးဝန်ကြီးအနေဖြင့် အီဂျစ်တောင်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအား ကျေးဇူးတင်ရှိကြောင်း၊  စိုက်ပျိုးရေးဆိုင်ရာ ပိုးမွှားရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့၊ ဝန်ကြီးဌာန နှင့် နှီးနွယ်လုပ်ကိုင်လျက်ရှိသည့် ဓာတ်ခွဲခန်းများ နှင့် ပို့ကုန်ကောင်စီတို့၏  ကြိုးပမ်း အားထုတ်မှုများကို ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးဆိုင်ရာ  ပိုးမွှားရောဂါထိန်းချုပ်ရေး  အာဏာပိုင်အဖွဲ့၏  မှတ်တမ်းတွင်  မီးမောင်းထိုး ဖော်ပြထားသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးနှင့် နိုင်ငံခြားအရန်ငွေများရရှိရန် ရည်ရွယ်၍ အီဂျစ်စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှု စံချိန်တင် တင်ပို့နိုင်စေရန် ပံ့ပိုးပေးခဲ့သည့် အီဂျစ်သံရုံးများ နှင့် ပြည်ပနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်များ၏  ပူးပေါင်းဆောင်ရွက်မှုကိုလည်း ၎င်းက ဂုဏ်ပြုပြောကြားခဲ့ပါသည်။

အရေးအကြီးဆုံး စိုက်ပျိုးရေးထွက်ပို့ကုန်များတွင် ရှောက်သံပုရာ မျိုးရင်းဝင် အသီးများ၊ အာလူး၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ သလဲသီး၊ ကြက်သွန်ဖြူ၊ စတော်ဘယ်ရီ၊ ပဲ၊ မာလကာ၊ ခရမ်းချဉ်သီးနှင့် စပျစ်သီးတို့ ပါဝင်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။

ရှောက်သံပုရာမျိုးရင်းဝင်အသီးများ စုစုပေါင်း တင်ပို့မှု တန်ချိန်  (၁,၈၉၄,၁၂၀) ရှိပြီး အာလူး တင်ပို့မှုတန်ချိန်  (၈၇၆,၂၄၁) တန် တင်ပို့နိုင်ခဲ့သဖြင့် ရှောက်သံပုရာမျိုးရင်းဝင် သစ်သီးများ ပြီးနောက် ဒုတိယအများဆုံး  တင်ပို့နိုင်ခဲ့ပါသည်။

ထို့အပြင်  တတိယမြောက် ပို့ကုန်အနေဖြင့် ကြက်သွန်နီ တန်ချိန် (၃၂၃,၇၈၃) တင်ပို့ခဲ့ပြီး  စတုတ္ထပို့ကုန်မြောက် ပို့ကုန်အဖြစ် စပျစ်သီး တန်ချိန်  (၉၄,၆၆၀) တင်ပို့ခဲ့သည့် အပြင်  ပဲမျိုးစုံ (၇၃,၈၈၉)တန်၊ အာလူး (၅၄,၀၉၀)တန်၊ ခရမ်းချဉ်သီး (၄၄,၂၅၉)တန်၊ စတော်ဘယ်ရီ  (၂၃,၂၉၅) တန်၊  ကြက်သွန်ဖြူ  (၂၁,၄၇၀)တန်၊  မာလကာ (၉,၅၀၇)တန်၊  သလဲသီး  (၃,၅၂၄) တန် အသီးသီး တင်ပို့ခဲ့ပါသည်။

(၂၀၂၃) ခုနှစ်၊ ပထမနှစ်ဝက်အတွင်း စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုသည် သိသိသာသာ တိုးတက်လာခဲ့သဖြင့် အီဂျစ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် တိုးတက်ကောင်းမွန်လျက် ရှိပါသည်။

လိမ္မော်သီး၊ အာလူး နှင့် ကြက်သွန်နီ ကဲ့သို့သော အရည်အသွေးမြင့် စိုက်ပျိုးရေး ထွက်ကုန် မျိုးစုံသည် နိုင်ငံတကာဈေးကွက်တွင် သိသိသာသာ ဆွဲဆောင်မှု ရှိလာခဲ့ပါသည်။

ပို့ကုန်များ မြင့်တက်လာခြင်းသည် အီဂျစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုရုံသာမက စိုက်ပျိုးရေးကုန်စည်များ တင်သွင်းသူအဖြစ် ၎င်း၏ ရပ်တည်ချက်ကို ခိုင်မာ စေကာ နိုင်ငံခြားငွေ အရန်ငွေများကို မြှင့်တင်ပေးပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက် အပံ့ဖြစ်စေကြောင်း (၈. ၇. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့်  Egypt today သတင်းအရ သိရှိရပါသည်။

Source    https://www.egypttoday.com/Article/3/125487/Egyptian-agricultural-exports-witness-robust-growth-in-first-half-of

တင်ပြသူ     ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ