ဗီယက်နမ်၏ လယ်ယာထွက်ကုန် တင်ပို့မှုဝင်ငွေ စံချိန်သစ်တင်ခဲ့

  • Mon, 16 October 2023

ဗီယက်နမ်၏ လယ်ယာထွက်ကုန် တင်ပို့မှုဝင်ငွေ စံချိန်သစ်တင်ခဲ့


ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဆန်၊ ကော်ဖီ၊ သီဟိုဠ်စေ့နှင့် ဒူးရင်းကဲ့သို့သော စိုက်ပျိုးရေး ထွက်ကုန်များမှ ပို့ကုန်ဝင်ငွေ စံချိန်သစ်တင်ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် ဩဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ (၂.၉)ဘီလီယံ တန်ဖိုး ရှိသော ကော်ဖီတန်ချိန် (၁.၂)သန်းနီးပါးတင်ပို့ခဲ့ပြီး တင်ပို့မှု ပမာဏမှာ (၆%)နီးပါး ကျဆင်းခဲ့ သော်လည်း ကော်ဖီစျေးနှုန်းများ မြင့်တက်မှုကြောင့် ယခင်နှစ် အလားတူကာလထက် တင်ပို့မှု တန်ဖိုးအားဖြင့် (၂.၃%)မြင့်တက်ခဲ့ပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်သည် တစ်နှစ်ပတ်လုံး ကော်ဖီတန်ချိန် (၁.၇)သန်းခန့် ပြည်ပသို့တင်ပို့ပြီး စံချိန်တင်၀င်ငွေ အမေရိကန် ဒေါ်လာ (၄.၂)ဘီလီယံရရှိရန် အလားအလာ ရှိနေပါသည်။

တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ဩဂုတ်လတွင် သီဟိုဠ်စေ့တန်ချိန် (၆၁,၀၀၀)ကို တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၃၄)သန်းရရှိကာ ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အားဖြင့် (၁၁%) နှင့် (၁၀%) အသီးသီးတိုးလာခဲ့ပြီး ယခင်နှစ်ကာလတူထက် (၂၉%) နှင့် (၂၂%) တက်လာခဲ့ပါသည်။ ရလဒ်အနေဖြင့် သီဟိုဠ်စေ့တင်ပို့မှု ပမာဏသည် (၂၀၂၃)ခုနှစ် ပထမ (၈)လအတွင်း စုစုပေါင်း တန်ချိန် (၃၉၆,၀၀၀)နီးပါး၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁၅.၅%) နှင့် (၁၁.၃%) အသီးသီး တိုးလာခဲ့ပါသည်။

ဇန်နဝါရီလမှ သြဂုတ်လအတွင်း တရုတ်၊ ဂျာမနီ၊ အင်္ဂလန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေးဗီးယားစသည့် အဓိကဈေးကွက်များသို့ သီဟိုဠ်စေ့တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် မြင့်တက်ခဲ့ပါသည်။ ယခုနှစ်တွင် သီဟိုဠ်စေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၃.၁)ဘီလီယံကျော် ရရှိရန် ရည်မှန်းထားပါသည်။ ဗီယက်နမ်သီဟိုဠ်စေ့အသင်း၏ အဆိုအရ စျေးကွက်သည် ယခုနှစ်ကုန်အထိ ဆက်လက်မြင့်တက်လာစေရန် မျှော်လင့်ထားကြောင်း သိရ ပါသည်။

ဆန်ဈေးသည် ကျဆင်းမည့် အရိပ်အယောင်မတွေ့ရကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ဩဂုတ်လကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် (၆)သန်းတင်ပို့ခဲ့ပြီး (၂၀၂၂)ခုနှစ်တွင် စံချိန်တင် ထားသည့် ပမာဏနှင့် ညီမျှသော အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံနီးပါး တင်ပို့ခဲ့ပါသည်။

 ဗီယက်နမ်သည် ယခုနှစ်ကုန်တွင် ဆန်တန်ချိန် (၁)သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်း ထားပြီး လက်ရှိ ပို့ကုန်ပေါက်ဈေးအရ ကန်ဒေါ်လာ သန်း(၆၀၀)ခန့် ရရှိမည်ဖြစ်သည်။ ဗီယက်နမ်သည် (၂၀၂၃)ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃.၈-၃.၉)ဘီလီယံခန့် ရရှိနိုင်မည့် ဆန် တန်ချိန် (၇.၅)သန်းအထိ တင်ပို့နိုင်မည်ဟု မျှော်မှန်းထားကြပါသည်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်နယ်ပယ်တွင် (၈)လတာကာလအတွင်း ဒူးရင်းသီး တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁)ဘီလီယံကျော်ရရှိခဲ့ပြီး အခြားထုတ်ကုန် အများ အပြားသည် ယခုနှစ်၏ ကျန်လများတွင် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာ ရှိနေပါသည်။ ထို့အပြင် ပိန္နဲသီး၊ သရက်သီး၊ ဖရဲသီးနှင့် အထူးသဖြင့် အုန်းသီးကဲ့သို့သော အခြား ထွက်ကုန်များတွင်လည်း တင်ပို့မှု အလားအလာကောင်းများကို မြင်တွေ့နေရပါသည်။

ဩဂုတ်လအစပိုင်းမှစ၍ အမေရိကန်သည် ဗီယက်နမ်အုန်းသီးများအတွက် လိုင်စင် ထုတ်ပေးခဲ့သည်။ တရုတ်နိုင်ငံသည်လည်း အုန်းသီးများကို ဈေးကွက်သို့ တရားဝင်တင်ပို့နိုင်ရန် အတွက် ကုဒ်များ ထုတ်ပေးနိုင်ရန် စဉ်းစားနေကြောင်း၊ မကြာမီအတည်ပြုပြီးပါက လာမည့်နှစ်တွင် အုန်းသီးတင်ပို့မှု ပမာဏသည် လွန်ခဲ့သည့်နှစ်များ၏ ပျမ်းမျှပမာဏနှင့် နှိုင်းယှဉ်ပါက (၂-၃)ဆ တိုးလာနိုင်ပြီး အမေရိကန်ဒေါ်လာ သန်း(၂၅၀)ခန့်အထိ ရှိလာနိုင်ကြောင်း (၁. ၁၀. ၂၀၂၃) ရက်နေ့တွင် ထုတ်ပြန် ခဲ့သော The Star website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.thestar.com.my/aseanplus/aseanplus-news/2023/10/01/vietnam-sets-new-record-in-agricultural-product-export-revenue


တင်ပြသူ  ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ