ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကြက်သွန်နီနှင့် အာလူးဈေးနှုန်းများကို မထိန်းချုပ်နိုင်ခဲ့

  • Wed, 18 October 2023

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကြက်သွန်နီနှင့် အာလူးဈေးနှုန်းများကို မထိန်းချုပ်နိုင်ခဲ့


    ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကြက်သွန်နီနှင့် အာလူးဈေးနှုန်းကို မထိန်းချုပ်နိုင်ခဲ့သော်လည်း အဆိုပါကုန်စဉ်နှစ်မျိုး၏ ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်လျက် ရှိပါကြောင်း စိုက်ပျိုးရေးဝန်ကြီး Abdur Razzaque က ပြောကြားခဲ့ပါသည်။

    တနင်္ဂနွေနေ့တွင် အတွင်းရေးမှူးရုံးခန်း၌ ကျင်းပခဲ့သော အစားအသောက်အစီအစဉ်နှင့် ဖြန့်ဖြူးရေး အစည်းအဝေးပွဲအပြီးတွင် လာမည့်ဆောင်းရာသီအတွင်း ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ကျဆင်းမည်ဟု မျှော်မှန်းထားကြောင်း သတင်းထောက်များအား Abdur Razzaque က ပြောကြား ခဲ့ပါသည်။

    စိုက်ပျိုးရေးဝန်ကြီးဌာနသည် စိုက်ပျိုးထုတ်လုပ်မှုအတွက် တာဝန်ရှိပြီး ဈေးကွက်စောင့် ကြည့်ရေးတာဝန်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တာဝန်ဖြစ်ပြီး အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအားလုံးသည် အတူတကွ တာဝန်ယူ‌ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ စက်တင်ဘာလ (၁၄)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် နေ့စဉ် ကုန်စည်ဈေးကွက် သက်သာစေရန် အာလူး (၁)ကီလိုဂရမ်လျှင် အမြင့်ဆုံးဈေးနှုန်းမှာ (၃၆)Taka ၊ ကြက်ဥတစ်လုံးလျှင် (၁၂)Taka ၊ ကြက်သွန်နီ(၁)ကီလိုဂရမ်လျှင် (၆၅)Taka နှုန်းထားဖြင့် သတ်မှတ် ပေးခဲ့ပါသည်။ သို့သော် ကုန်သည်များသည် မြင့်မားသောဈေးနှုန်းဖြင့် ရောင်းချလျက် ရှိပါသည်။

    အအေးခန်းပိုင်ရှင်များသည် ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း ပြောကြားရာတွင် ၎င်း ပိုင်ရှင်များသည် နယ်ပယ်အဆင့်ဆင့်မှ အရာရှိများထံမှ အဆက်မပြတ် ဖိအားများပေးနေသော်လည်း အာလူးပမာဏ အလုံအလောက် ထောက်ပံ့မှု မရှိခြင်းသည် ကြီးမားသော စိန်ခေါ်မှု တစ်ရပ် ဖြစ်ကြောင်း Abdur Razzaque က ပြောကြားခဲ့ပါသည်။ ကြက်သွန်နီနှင့်ပတ်သက်၍ ကြက်သွန်နီ ထုတ်လုပ်မှုသည်နိုင်ငံအတွင်းလုံလောက်သော်လည်း ကြက်သွန်နီသည် အထားမခံဘဲ ပုတ်သိုး ပျက်စီးလွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ကြက်သွန်နီများကို ဧပြီလမှ မေလအတွင်း ရိတ်သိမ်း ကြပြီး (၂)လအတွင်း ပုတ်သိုး(သို့)ခြောက်သွေ့သွားကြပါသည်။ ထို့ကြောင့် အစိုးရသည် နိုဝင်ဘာလ မှ ဒီဇင်ဘာလအတွင်း ကြက်သွန်နီများ တင်သွင်းရပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် လက်ရှိ ဆောင်းရာသီတွင် စပါးနှင့်ဆန် တန်ချိန်(၇)သိန်း ဝယ်ယူ မည်ဖြစ်ပါသည်။ (၁)ကီလိုဂရမ်လျှင် (၄၄)Takaဖြင့် ပေါင်းဆန် တန်ချိန် (၄)သိန်းခန့်၊  (၁)ကီလိုဂရမ်လျှင် (၄၃)Taka ဖြင့် နေလှန်းဆန် တန်ချိန် (၁)သိန်းနှင့် (၁)ကီလိုဂရမ်လျှင် (၃၀)Taka ဖြင့် စပါး တန်ချိန် (၂)သိန်း ဝယ်ယူသွားမည် ဖြစ်ပါသည်။

    ဘင်္ဂလားဒေ့ရှ်အစိုးရသည် အဆိုပါနေ့စဉ်သုံးကုန်စည်များ၏ ဈေးနှုန်းအတက်အကျကို ထိန်းညှိရန် ကုမ္ပဏီ (၅) ခုကျော်အား ကြက်ဥ ၅ ကုဋေ တင်သွင်းရန် ခွင့်ပြုခဲ့ပါကြောင်း ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ဆက်ဆံရေးအရာရှိ Md Haider Ali က Daily Sun သို့ ပြောကြားခဲ့ပါသည်။

    စက်တင်ဘာလ ၁၇ ရက်နှင့် ၂၁ ရက်နေ့ အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကုမ္ပဏီ ၁၀ ခုအား ကြက်ဥ ၆ ကုဋေ နှင့် ကုမ္ပဏီ ၄ ခုအား ကြက်ဥ ၄ ကုဋေ တင်သွင်းရန် ခွင့်ပြု ခဲ့ပါကြောင်း (၉-၁၀-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.daily-sun.com ၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။

Source    https://www.daily-sun.com/printversion/details/716534/Agri-minister-admits-govt’s-failure-to-control-onion-potato-prices

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ