အနောက်အာဖရိကတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့ မြှင့်တင်ရန်အတွက် ကမ္ဘာ့ဘဏ် နှင့် OCP Group တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိ

  • Wed, 18 October 2023

အနောက်အာဖရိကတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့ မြှင့်တင်ရန်အတွက် ကမ္ဘာ့ဘဏ် နှင့် OCP Group တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိ


   ယနေ့တွင် ကမ္ဘာ့ဘဏ်နှင့် OCP Group တို့သည် အနောက်အာဖရိကနှင့် Sahel ဒေသရှိ တောင်သူများအား ပံ့ပိုးကူညီရန်အတွက်    ဗျူဟာအသစ်များကို ဖော်ဆောင်မည့် မိတ်ဖက် အဖွဲ့အစည်း တစ်ခု အဖြစ် ကြေငြာခဲ့ပါသည်။

    Marrakech ၌ ကမ္ဘာ့ဘဏ်နှင့် IMF နှစ်ပတ်လည် အစည်းအဝေးများ ကျင်းပရာတွင် OCP ဥက္ကဋ္ဌ Mostafa Terrab နှင့် အနောက်အာဖရိကနှင့် ဗဟိုအာဖရိကဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဌ Ousmane Diagana တို့သည် ဧရိယာဟက်တာ (၁၀)သန်း အကျုံးဝင်သည့် Benin, Guinea, Mali, and Togo ဒေသများရှိ တောင်သူဦးရေ (၅)သန်းအား အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များမြှင့်တင်ရန်အတွက် နားလည်မှု စာချွန်လွှာ(MoU)ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် တောင်သူများအား ဓာတ်မြေသြဇာများကို ပိုမိုလက်လှမ်းမီစွာ သုံးစွဲ နိုင်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် ရည်ရွယ် ပါသည်။ ယင်းစီမံချက်များသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍဆီသို့ ဦးတည်ရာဝယ် အာဖရိက၏ အလားအလာအတွက် သော့ချက်သဖွယ် အရေးကြီးသော ခြေတစ်လှမ်းဖြစ်ကြောင်း၊ အနောက်အာဖရိကရှိ တောင်သူများအနေဖြင့် မြေဆီလွှာအာဟာရ ဖြည့်တင်းစေပြီး သီးနှံအထွက်နှုန်း တိုးတက်စေသည့် မြေဩဇာများကို နှစ်သက်ရာ ရွေးချယ်၍ ကျယ်ကျယ်ပြန့်ပြန့် လက်ခံသုံးစွဲ လာစေခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး ကဏ္ဍဆီသို့ ကူးပြောင်းကာ တောင်သူများ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပြီး အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး နှင့် သာယာဝပြောရေးကို အထောက်အကူဖြစ်စေကြောင်း OCP Group ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr. Mostafa Terrab က ပြောကြားခဲ့ပါသည်။

 ၎င်းသည် (၂၀၂၃)ခုနှစ်၊ မေလတွင် အတည်ပြုခဲ့သော Lomé ကြေငြာချက်တွင် အာဖရိက အနောက်နိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း (ECOWAS)ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများအတွက် စိုက်ပျိုးရေး နှင့် စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီးဌာနတို့မှ ကတိကဝတ်များ အောင်မြင်စေရန်အတွက် အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။

    ယင်းအဖွဲ့အစည်းနှစ်ရပ်စလုံးသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ် အကိုင် အခွင့်အလမ်းများအား ဖန်တီးပေးသည့် ကြံ့ကြံ့ခံနိုင်သော စိုက်ပျိုးရေးကို ပံ့ပိုးပေးရန် အတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်လုပ်ဆောင်နိုင်မည်ကို ယုံကြည် ကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် OCP Group အကြား ပူးပေါင်းဆောင်ရွက်မှုသည် Lomé ကြေငြာချက်ကို လက်တွေ့အဖြစ်သို့ ပြောင်းလဲစေကြောင်း အနောက်အာဖရိကနှင့် ဗဟိုအာဖရိကဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဌ Ousmane Diagana က ပြောကြားခဲ့သည်။

    ပူးပေါင်းဆောင်ရွက်မှုအား ဖော်ပြပါကဏ္ဍ(၅)ရပ်ကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

(၁)ဒစ်ဂျစ်တယ်မြေမျိုးမြေပုံ ဖော်ဆောင်ကာ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် မြေဩဇာ ရွေးချယ်သုံးစွဲမှုများမှ တဆင့် မြေဆီဩဇာ ထက်သန်ကောင်းမွန်စေခြင်း။
(၂)အသေးစားတောင်သူများအား လေ့ကျင့်သင်ကြားပေးရန်နှင့် ပံ့ပိုးကူညီရန်အတွက် စိုက်ပျိုးရေး နည်းပညာနှင့် ဝန်ဆောင်မှုစင်တာများ တည်ထောင်ခြင်း။
(၃)လယ်ယာစားနပ်ရိက္ခာကဏ္ဍကို အသွင်ပြောင်းရန် အတွက် ဒေသခံတို့၏ စွမ်းဆောင်ရည်နှင့် စွန့်ဦးတီထွင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ဒစ်ဂျစ်တယ် မွေးမြူရေး သင်တန်းကျောင်း အစီအစဉ်ကို စတင်ဆောင်ရွက်ခြင်း။
(၄)ဓာတ်မြေသြဇာနှင့် မြေဆီလွှာ ကျန်းမာရေးဆိုင်ရာ လမ်းပြမြေပုံကို အကောင်အထည်ဖော်ရန် အတွက်  ECOWAS ၏ စွမ်းဆောင်ရည်ကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်ခြင်း။
(၅)အပြည်ပြည်ဆိုင်ရာ အပူပိုင်းစိုက်ပျိုးရေးသိပ္ပံ(IITA)မှ လက်ခံကျင်းပသော အနောက်အာဖရိကရှိ မြေဆီလွှာကျန်းမာရေး နှင့် မြေဆီဩဇာ စီမံခန့်ခွဲမှုအတွက် ဒေသဆိုင်ရာ ဗဟိုဌာနတစ်ခု တည်ထောင်ရန် ပံ့ပိုးကူညီခြင်း။
    မိတ်ဖက်အဖွဲ့များအောက်တွင် အဖွဲ့အစည်းနှစ်ရပ်စလုံးသည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအတွက် အထူးအားဖြင့် ငတ်မွတ်ခေါင်းပါးမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး (SDG 2) နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ (SDG 13) တို့နှင့်ပတ်သက်၍ ၎င်းတို့၏ ကတိ ကဝတ်များကို ထပ်မံအတည်ပြုကြောင်း (၁၁. ၁၀. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် www.worldbank သတင်းဆောင်းပါးအရ သိရှိရပါသည်။



Source    https://www.worldbank.org/en/news/press-release/2023/10/11/ocp-group-and-world-bank-join-forces-to-boost-food-security-and-agricultural-development-in-west-africa

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ