တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးဆိုင်ရာသဘောတူစာချုပ်မှ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိ

  • Fri, 3 November 2023

တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းသူများသည် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီများမှ စိုက်ပျိုးရေးထွက်ကုန်များဝယ်ယူမှုအတွက် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိသော သဘောတူ စာချုပ်များချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါသဘောတူစာချုပ်များသည် အမေရိကန် ပြည်ထောင်စု၏ စိုက်ပျိုးရေးကဏ္ဍအတွက် အကျိုးအမြတ်ရရှိလိမ့်မည်ဖြစ်ပြီး တရုတ်-အမေရိ ကန် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ လှုပ်ရှားမှုများအတွက် စျေးကွက် မျှော်လင့်ချက်များကို မြှင့်တင် ပေးခဲ့ကြောင်း တာဝန်ရှိသူများနှင့် စီးပွားရေးပညာရှင်များက ပြောကြားခဲ့ပါသည်။


တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု၊ Iowa ပြည်နယ်၏မြို့တော် Des Moines တွင်ကျင်းပ ပြုလုပ်ခဲ့သည့် တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သော စိုက်ပျိုးရေးကုန်သွယ်မှု ဖိုရမ်တွင် ကုန်သွယ်မှု သဘောတူညီချက် စုစုပေါင်း (၁၁) ချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ပဲပုပ်အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆီထွက်သီးနှံ ထုတ်လုပ်သူ အမေရိကန်နိုင်ငံတို့ကြား (၂၀၁၇) ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့သော သဘောတူစာချုပ်များသည် ၎င်းတို့၏ သဘောတူညီချက်များထဲမှ ပထမဆုံးဖြစ်ကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပေးကြပါသည်။


အင်္ဂါနေ့တွင် အမေရိကန်ပဲပုပ်တင်ပို့မှုကောင်စီမှ ထုတ်ပြန်သော ကြေညာချက်အရ သဘောတူညီချက်တွင် ပဲပုပ်အများဆုံးပါဝင်ပြီး ပြောင်း၊ ပြောင်းဖူးနှင့် ဂျုံတို့လည်း ပါဝင်ကြောင်းသိရှိရပါသည်။


အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Xie Feng က အဆိုပါဖိုရမ်၌ ပြောကြားရာတွင် တရုတ်နှင့် အမေရိကန်အကြား စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် အလားအလာ ကောင်းများစွာရှိကြောင်း၊ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ၀ယ်လိုအားသည် ကြီးမားသော စိုက်ပျိုးရေးနိုင်ငံမှ ကမ္ဘာ့အဆင့်မီ စိုက်ပျိုးရေး စွမ်းအားရှင် အဖြစ်သို့ တိုးတက်လာစေရန် ကူးပြောင်းနေခြင်းဖြစ်ကြောင်း ၊ ယင်းက စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားကဏ္ဍများတွင် ပိုမိုကျယ်ပြန့် သော တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များကို ဖော်ဆောင်

ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံမှ ပဲပုပ်တင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုနှစ် ပထမ (၉)လတွင် မက်ထရစ်တန် ၂၀ ဒသမ ၀၈ သန်းအထိ ရှိခဲ့ပြီး တစ်ချိန်တည်းတွင် ဘရာဇီးနိုင်ငံမှ တင်သွင်းမှုမှာ ပဲပုပ်တန်ချိန် ၅၄ ဒသမ ၈၇ သန်း ရှိခဲ့ပြီးယခင်နှစ်ထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးမှု အာဏာပိုင် အဖွဲ့(GACC) ၏ အချက်အလက်များအရ သိရှိရပါသည်။


သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးနောက် တရုတ်-အမေရိကန် စီးပွားရေး လုပ်ငန်းအဖွဲ့သည် အင်္ဂါနေ့တွင် ၎င်း၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံကျင်းပခဲ့ပြီး နှစ်နိုင်ငံစလုံး၏ macroeconomic အခြေအနေ၊ မူဝါဒများနှင့် နှစ်နိုင်ငံ စီးပွားရေးဆက်ဆံရေး အပါအဝင် ခေါင်းစဉ်များကို နက်နက်ရှိုင်းရှိုင်း ပွင့်ပွင့်လင်းလင်းနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။


ကမ္ဘာ့စီးပွားရေးအခြေအနေသည် အေးစက်လျက်ရှိပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ ကျဆင်းလျက်ရှိပါသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီသို့ အရောက် လှမ်းနိုင်ရေးနှင့် လူသားတို့၏ ကောင်းကျိုးချမ်းသာများ ဖန်တီးပေးနိုင်ရန် တရုတ်နှင့် အမေရိကန်တို့သည် ခိုင်မာသော ဆက်ဆံရေးကို ထိန်းသိမ်းကာ ပိုမိုကျယ်ပြန့်သော ပူးပေါင်း ဆောင်ရွက်မှုအတွက် စေ့စေ့စပ်စပ် ဆွေးနွေးမှုများ ပြုလုပ်သင့်သည်ဟု နိုင်ငံတကာ စီးပွားရေး ဖလှယ်ရေးဗဟိုဌာနမှ သုတေသီ Mr.Zhang Yansheng က ပြောကြားခဲ့ပါသည်။


ရှေ့ဆက်၍ ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်နေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ စက်မှု လုပ်ငန်းနှင့် ထောက်ပံ့ရေး ကွင်းဆက်များ၏ တည်ငြိမ်မှုကို ကာကွယ်ရန်နှင့် စီးပွားရေးဆိုင်ရာ သဘောထားများကို မြှင့်တင်ရန်အတွက် ကမ္ဘာ့အကြီးဆုံး စီးပွားရေး တောင့်တင်းခိုင်မာသည့် နိုင်ငံ(၂)နိုင်ငံမှ နယ်ပယ်အသီးသီးတွင် ပိုမိုမြင်သာထင်သာရှိသော ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်ဟု အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တရုတ်အကယ်ဒမီမှ အကြီးတန်းသုတေသီ Mr.Zhou Mi မှ  ပြောကြားခဲ့ပါကြောင်း (၂၆-၁၀-၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သော  ASIAN NEWS NETWORK ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။



Source https://asianews.network/sino-us-agriculture-pacts-to-be-of-mutual-benefit/

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (   ) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ