မာလာဝီနိုင်ငံသည် ပထမဆုံးအကြိမ် ဂျုံစိုက်ဧက အများအပြား ရိတ်သိမ်း

  • Fri, 3 November 2023

မာလာဝီနိုင်ငံသည် ၎င်းတို့၏ မြေဆီလွှာနှင့် သင့်တော်သော ဂျုံမျိုးများကို ရှာဖွေကြိုးပမ်း အားထုတ်ပြီးနောက်တွင် ပထမဆုံးအကြိမ် ဂျုံစိုက်ဧက အများအပြား ရိတ်သိမ်းခဲ့ကြပါ သည်။ ဂျုံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားမှုကြောင့် အာဖရိက တိုက်၏ ဂျုံတင်သွင်းမှုအပေါ် သက်ရောက်သည့် အကျိုးသက်ရောက်မှုများကို လျော့ပါးသက်သာစေရန် ဖြေရှင်းချက်တစ်ခု ဖြစ်နိုင်ပါသည်။


၂၀၁၉ ခုနှစ်ကတည်းက မာလာဝီနိုင်ငံသည် ၎င်းတို့နိုင်ငံရှိ မြေဆီလွှာနှင့် သင့်တော်သော ဂျုံမျိုးများကို ရှာဖွေဖော်ထုတ်ရန် ဂျုံမျိုး ၈၀ ခန့်အား စမ်းသပ်စိုက်ပျိုးခဲ့ရာ ၎င်းတို့၏ မြေဆီလွှာ နှင့်သင့်တော်သော ဂျုံမျိုး ၄ မျိုးခန့်ကို ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊ အဆိုပါဂျုံမျိုးများကို ဖြန့်ဖြူး ရန်အတွက် မာလာဝီနိုင်ငံ အလယ်ပိုင်းတွင် စိုက်ပျိုးရေးခြံတစ်ခု အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း U.S. ကုမ္ပဏီတစ်ခုဖြစ်သည့် Pyxus Agriculture Limited ၏ အမှုဆောင် အရာရှိချုပ် Ronald Ngwira က ပြောကြားခဲ့ပါသည်။


အဆိုပါဂျုံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ဂျုံတင်သွင်းမှုအပေါ် အသုံးပြုသည့် မာလာဝီ နိုင်ငံ၏ အမေရိကန်ဒေါ်လာသန်းပေါင်းများစွာကို သက်သာစေလိမ့်မည်ဟု ပထမဆုံးအကြိမ် ဂျုံစိုက်ဧက အများအပြား စတင်ရိတ်သိမ်းခဲ့သည့်အချိန်ဖြစ်သည့်ပြီးခဲ့သည့်သီတင်းပတ်ကုန်၌ Ngwira က ပြောကြားခဲ့ပါသည်။


မာလာဝီနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၈ သန်း တန်ဖိုးရှိ ဂျုံတန်ချိန် ၂၀၀,၀၀၀ တင် သွင်းလျက်ရှိပါသည်။ မာလာဝီနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း ဂျုံစားသုံးမှု လုံလောက် ဖူလုံစေရေးအတွက် ဂျုံစိုက်ပျိုးထုတ်လုပ်ရန် အချိန် ၄ နှစ် ကြာမြင့်ခဲ့ရကြောင်း Ngwira က ပြောကြားခဲ့ပါသည်။ အချိန် ၄ နှစ်ဆိုသည်မှာ ကြာမြင့်သည်ဟု ထင်ရသော်လည်း မိမိတို့ မျှော်မှန်းထားသည့်အတိုင်း ရရှိခဲ့ပြီး မျိုးစေ့များလည်း ရရှိခဲ့ပါသည်။


ဂျုံစိုက်ပျိုးထုတ်လုပ်ခြင်းသည် မက်ထရစ်တန် ၉၀ ခန့် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်း ထားပြီး ၎င်းသည် နိုင်ငံ၏ ပြည်တွင်းဂျုံစားသုံးမှု၏ ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း မာလာဝီနိုင်ငံရှိ စိုက်ပျိုးရေးပညာရှင်များက ပြောကြားခဲ့ပါသည်။မာလာဝီနိုင်ငံ သမ္မတ Lazarus Chakwera သည် သောကြာနေ့၌ Dowa ခရိုင်ရှိ Mpale စိုက်ပျိုးရေးခြံတွင် ဂျုံရိတ်သိမ်းသည်ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

ဂျုံစိုက်ပျိုးထုတ်လုပ်ခြင်းသည် မာလာဝီနိုင်ငံအား ကိုယ်ပိုင်ရပ်တည်နိုင်ရန်အားပေးပါသည်။ သို့သော် မိမိတို့မျှော်မှန်းထားသော ရလဒ်များ ရရှိရန် မိမိတို့တစ်ယောက်ချင်းစီမှ ကြိုးစားအား ထုတ်ရန် လိုအပ်ပါသည်။ ခေတ်မီနည်းစနစ်များကို အသုံးပြုပြီး အားလုံး မျှော်မှန်းထားသည့် ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ကြိုးပမ်းအားထုတ်ကြပါစို့ဟု Chakwera က ပြောကြားခဲ့ပါ သည်။


မာလာဝီနိုင်ငံသည် နှစ်ရှည်လများ ဂျုံတင်သွင်းမှုအပေါ် အဓိက မှီခိုခဲ့ရပြီး ရရှားနှင့် ယူကရိန်းနိုင်ငံအကြားရှိ လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် စားနပ်ရိက္ခာ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်လုံး အပေါ် အနှောက်အယှက် ဖြစ်စေခဲ့ပါသည်။ အာဖရိကသည် ယူကရိန်းနိုင်ငံမှ ဂျုံပမာဏ ၁၂.၂၆ ရာခိုင်နှုန်းအထက် တင်သွင်းလျက်ရှိကြောင်း ကုလသမဂ္ဂအစီရင် ခံစာအရ သိရှိရပါသည်။


ရရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအား ကျူးကျော်ဝင်ရောက်ခြင်းသည် အာဖရိကတိုက်အတွင်း ဂျုံတန်ချိန်သန်းပေါင်း ၃၀ သန်းခန့် ပြတ်လပ်မှုများ ဖြစ်စေခဲ့သည့်အတွက် ဂျုံဈေးနှုန်းများ သိသိသာသာ မြင့်တက်လာစေခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာအရ သိရှိရပါသည်။

ကျွန်ုပ်တို့သည် ဈေးကွက်များကို ရှာဖွေနိုင်ပါက နိုင်ငံအတွက် နောက်ထပ် နိုင်ငံခြားငွေ အရင်း အမြစ်များ ဖြစ်နိုင်ကြောင်း မာလာဝီ စီးပွားရေးနှင့် အသုံးချသိပ္ပံတက္ကသိုလ်၏ စိုက်ပျိုးစီးပွား ပညာရှင်ဖြစ်သူ ကထိက Wisdom Mgomezulu က ပြောကြားခဲ့ပါသည်။

 

အဘယ်ကြောင့်ဆိုသော် ဂျုံ သည် ကမ္ဘာပေါ်တွင် ဝယ်လိုအားမြင့်မားသော ဝင်ငွေရလွယ်သည့်တန်ဘိုးမြင့် သီးနှံများထဲမှ သီးနှံ တစ်ခုဖြစ်သည့်အတွက် ဖြစ်ပါသည်။ဤသို့ အောင်မြင်မှုများ ရရှိရန် မာလာဝီနိုင်ငံသည် ဈေးကွက်ထဲရှိ ကြီးမားသော ဈေးကွက် ယှဉ်ပြိုင်သူများကို ထည့်သွင်းစဉ်းစားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့ သော စိုက်ပျိုးထုတ်လုပ်မှုနည်းပညာများကို ပို၍ ရှာဖွေရန် လိုအပ်ကြောင်း Mgomezulu က ပြောကြားခဲ့ပါသည်။


ကျွန်ုပ်တို့သည် သုတေသနလုပ်ငန်းများတွင် ပို၍ ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါသည်။ မာလာဝီနိုင်ငံတွင် စိုက်ပျိုးနိုင်မည့် မျိုးကွဲများကို မျိုးစပ်မွေးမြူရန် အကောင်းဆုံးကြိုးစားနေသော စိုက်ပျိုးရေး ပညာရှင်များနှင့် သုတေသနပညာရှင်များကို ငွေကြေးထောက်ပံ့ရန် ရန်ပုံငွေများနှင့် အလှူရှင် များ ရှာဖွေရန် လိုအပ်ပါသည်။ 


သို့သော် ထိုသို့ပြုလုပ်ရန် ကျွန်ုပ်တို့သည် သုတေသန ပြုလုပ်ရန် အတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရန်နှင့် ပို့ကုန်ဈေးကွက်၏ ရှယ်ယာများ ရရှိရန် လိုအပ်ပါ ကြောင်း Mgomezulu က ပြောကြားခဲ့ပါသည်။


ဤအချိန်အတောအတွင်း လာမည့်နှစ်တွင် တောင်သူလယ်သမားများအတွက် ဂျုံ အများ အပြား စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဂျုံ ၁၅,၀၀၀ ဟတ်တာ စိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း Pyxus Agriculture Limited ၏ အမှုဆောင်အရာရှိချုပ် Ronald Ngwira က ပြောကြားခဲ့ကြောင်း (၂၃-၁၀-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.voanews.com ၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။


Source https://www.voanews.com/a/malawi-makes-first-large-scale-wheat -harvest-/7323232.html 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ