အာလူးဖော်ချိန်၌ စိုက်ခင်းများ ရေကြီးနစ်မြုပ်နေသည့်အတွက် အိုင်ယာလန်မှ အာလူးစိုက်တောင်သူများအနေဖြင့် ထိခိုက်ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရ

  • Wed, 15 November 2023

အာလူးဖော်ချိန်၌ စိုက်ခင်းများ ရေကြီးနစ်မြုပ်နေသည့်အတွက် အိုင်ယာလန်မှ အာလူးစိုက်တောင်သူများအနေဖြင့် ထိခိုက်ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရ


ခန့်မှန်းရခက်ခဲသော မိုးလေဝသအခြေအနေအား ကြုံတွေ့ခဲ့ရခြင်း နှင့် ပုံမှန်ထက် ပိုမိုကာ မိုးရွာသွန်းမှု များပြားခြင်းတို့သည် စိုက်ပျိုးရေးကဏ္ဍအား အခက်အခဲများစွာ ဖြစ်စေခဲ့ပါသည်။ တောင်သူ အများစုသည် အဆိုပါ အခက်အခဲမျိုးစုံတို့အား နည်းလမ်းမျိုးစုံဖြင့် ကြုံတွေ့ခံစား ကြရသည့်အပြင် ယခုနှစ် အာလူးဖော်မည့်အချိန်တွင်လည်း အာလူးခင်းများ ရေကြီးနစ်မြုပ်နေ သောကြောင့် အာလူးစိုက်တောင်သူများအနေဖြင့် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပွားခဲ့ရပါသည်။

အာလူးစိုက်တောင်သူတစ်ဦးဖြစ်သည့် Sean Ryan သည် Wexford ကောင်တီ၊ Enniscorthy မြို့ အပြင်ဘက်ရှိ (၁၀)ဟက်တာ ကျယ်ဝန်းသည့် စိုက်ခင်းတစ်ခုတွင် အခြေအနေများကို အကဲဖြတ် သုံးသပ်လျက် ရှိပါသည်။ အာလူးစိုက်ပျိုးပြီး ရက်သတ္တပတ် (၅-၆)ပတ်ခန့်အကြာတွင် နွေရာသီဖြစ်သော်လည်း မိုးများစွာ ရွာသွန်းခဲ့သဖြင့် တစ်နှစ်ပတ်လုံး ကြိုးစားရုန်းကန်ခဲ့ရကြောင်း၊ ထိုသို့ရုန်းကန်ခဲ့ပြီးနောက် အဆုံးသတ်တွင် ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟု မျှော်လင့်ခဲ့မိကြကြောင်း၊ မျှော်လင့်ထားသကဲ့သို့ပင် သီးနှံများ ဖြစ်ထွန်းခဲ့သော်လည်း စတင်တူးဖော်သည့်အခါတွင်မူ ရွံ့ပျော့ပျော့ မြေသားကျစ်ကျစ်ကြားမှ ထွက်လာသည့် အာလူးများသည် လူအစားအစာအဖြစ် အသုံးပြုရန် မသင့် လျော်ကြောင်း  IFA ၏ National Potato ဥက္ကဌဖြစ်သူ  Sean က ပြောကြားခဲ့ပါသည်။

အာလူးဖော်ချိန်တွင် ရေဝပ်နေသဖြင့် အာလူးများ ပုပ်သိုးပျက်စီးသွားစေကြောင်း၊ အာလူး များသည် ရေ၌ (၃)ရက်ထက် ပိုမိုနစ်မြုပ်နေပါကလည်း ပုပ်သိုးသွားမည်ဖြစ်ကြောင်း၊ အချို့အာလူး များမှာ တူးစ၌ပင် ထောပတ်သဖွယ် ပျော့အိရိရွဲကာ အနံ့အသက်ဆိုးများပင် ထွက်နေပြီဖြစ်ကြောင်း၊ ထိုကဲ့သို့အခြေအနေမျိုးအား တိရစ္ဆာန်အစာအဖြစ်ပင် အသုံးပြုရန်မသင့်တော့ကြောင်း၊ တိရစ္ဆာန် အစာအဖြစ် အသုံးပြုမိပါက တိရစ္ဆာန်များကျန်းမာရေးထိခိုက်မည်ဖြစ်ကြောင်း Sean က ဆက်လက် ပြောကြားခဲ့ပါသည်။

ယခုနှစ် အာလူးသီးနှံ (၅၀%)ခန့်သည် မြေပြင်၌ ရှိဆဲဖြစ်ပြီး စိုက်ခင်းအခြေအနေမှာ မြေပျော့သဖြင့် စက်ယန္တရားများ နစ်နေခြင်း(သို့) အမှိုက်များဖြင့် ပိတ်ဆို့နေခြင်းတို့ ဖြစ်နေသည့် အပြင် လာမည့်ရက်များ၌ မိုးရွာသွန်းမှု ပိုမိုများပြားမည်ဟု ခန့်မှန်းထားသဖြင့် တောင်သူများသည် ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ရင်းနှင့်ပင် တူးဖော်နိုင်မည့် အခြေအနေကို မျှော်လင့် စောင့်ဆိုင်းလျက် ရှိကြပါသည်။

Shay Phelan သည် Carlow ကောင်တီ၊ Oakpark ရွာရှိ Teagasc ကုမ္ပဏီမှ အာလူးသီးနှံ ကျွမ်းကျင်သူဖြစ်ပြီး မြေပြင်၌ သီးနှံများ ယခုကဲ့သို့ ပမာဏများစွာ ကျန်ရှိနေခြင်းကို ဤဒေသ၌ ၎င်းနေထိုင်စဉ် (၂၀)နှစ်အတွင်း ပထမဆုံးအတွေ့အကြုံဖြစ်ကြောင်း၊ ဤကဲ့သို့ စိုက်ပျိုးရန်မသင့်သည့် ရေကြီးနစ်မြုပ်ဧရိယာများ၌ စိုက်ပျိုးခြင်းမပြုဘဲ အမှန်တကယ် စိုက်ပျိုးနိုင်သည့် ဧရိယာများ၌သာ အားသွန်ခွန်စိုက်ကြိုးပမ်းကာ စိုက်ထုတ်သည့် ခွန်အားနှင့်အညီ ထိုက်သင့်သည့်တန်ဖိုး ပြန်လည် ရရှိရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

မျိုးစေ့ချခြင်း၊ စိုက်ခင်းပြုစုခြင်း၊ ဆေးဖျန်းခြင်းစရိတ် နှင့် တူးဖော်ခြင်းလုပ်ငန်းများ အပါ အဝင် ယခုနှစ် အာလူး(၁)ဟက်တာ စိုက်ပျိုးစရိတ်သည် ယူရို(၁၀၅၀၀)ခန့် ကုန်ကျကြောင်း၊ ဆုံးရှုံးမှု ပိုမိုဆိုးရွားလာပါက တောင်သူများအနေဖြင့် ငွေကြေးထိခိုက်မှုဒဏ်ကို ခံနိုင်ရည် ရှိတော့မည် မဟုတ် ကြောင်း IFA က ပြောကြားခဲ့သည်။

လာမည့်နှစ်တွင် အာလူးပြတ်လပ်မှု ဖြစ်နိုင်ကြောင်း၊ သိုလှောင်မှု အနည်းငယ် လျော့ကျ သွားကြောင်း၊ အခြားနှစ်များတွင် ယခုအချိန်၌ သိုလှောင်ရုံများ၌ ပြည့်လျှံနေပြီဖြစ်သော်လည်း ယခုနှစ်တွင်မူ လုံးဝမသိုလှောင်ရသေးသော သိုလှောင်ရုံများပင်ရှိနေသေးကြောင်း၊ အခြေအနေများ အရ အလွန်ပင် ကျပ်တည်းနိုင်သည်အထိ ဖြစ်သွားနိုင်ကြောင်း Mr Ryan က စားသုံးသူအမြင်အရ ပြောကြားခဲ့ကြောင်းကို (၁၀.၁၁.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် www.rte.ie သတင်းဆောင်းပါး အရ သိရှိရပါသည်။

Source https://www.rte.ie/news/2023/1110/1415721-potato-crop/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ