စိုက်ပျိုးရေး နှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အီဂျစ်နှင့် ဇင်ဘာဘွေတို့ သဘောတူညီခဲ့ကြ

  • Tue, 28 November 2023

စိုက်ပျိုးရေး နှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အီဂျစ်နှင့် ဇင်ဘာဘွေတို့ သဘောတူညီခဲ့ကြ


အီဂျစ်သမ္မတ Abdel Fattah Al-Sisi နှင့် ဇင်ဘာဘွေသမ္မတ Emmerson Mnangagwa တို့သည် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့ကြပြီး အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရန် ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးကဏ္ဍ နှင့် စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန် စီမံကိန်းလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ သားငါးမွေးမြူရေးဆိုင်ရာ အရင်းအမြစ်များ အသုံးချမှုအား မြှင့်တင်ရေး၊ အီဂျစ်နှင့် ဇင်ဘာဘွေအတွက် စားနပ်ရိက္ခာဖူလုံရေးတို့ကို အာမခံချက်ပေးရန် အရေးကြီးကြောင်း သဘော တူညီခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများ ပေးအပ်နိုင်ရေးအတွက် အခြေခံ အဆောက်အအုံကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ဇင်ဘာဘွေသမ္မတ Mnangagwa သည် အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း တတိယအကြိမ် အာဖရိကကုန်သွယ်မှုပြပွဲ (IATF) သို့ တက်ရောက်ခဲ့သည်။ ဇင်ဘာဘွေသမ္မတသည် အီဂျစ်တွင် တွေ့ကြုံခဲ့ရသော ထူးခြားလှသည့် ခေတ်မီဖွံ့ဖြိုးဆန်းသစ်မှုများအား ထုတ်ဖော်ချီးကျူး ခဲ့သည့်အပြင် အီဂျစ်အတွေ့အကြုံများမှတဆင့် ၎င်းနိုင်ငံအတွက် အကျိုးရှိစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အထူးသဖြင့် နိုင်ငံတကာအကျပ်အတည်းများ၏ စိန်ခေါ်မှုများ နှင့် အာဖရိကအတွင်း ကုန်သွယ်မှုတိုးချဲ့ရန် လိုအပ်မှုတို့ကြောင့် သမ္မတ(၂)ဦးသည် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် အာဖရိကတိုက်၏ ကျယ်ပြန့်စွာ ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းမှုများ မြှင့်တင်ရေးအတွက် အာဖရိကတိုက်အတွင်း လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (AfCFTA) ၏ အဓိက အခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့ပါသည်။

သီးခြားတွေ့ဆုံမှု၌ သမ္မတ Al-Sisi သည် ဝန်ကြီးချုပ် Mostafa Madbouly ၊ ထောက်ပံ့ရေး နှင့် ပြည်တွင်းကုန်သွယ်မှုဝန်ကြီး Ali Al-Mosilhiတို့အား တွေ့ဆုံကာ နိုင်ငံတကာ အကျပ်အတည်းများ ဆက်တိုက် ဖြစ်ပွားနေသော်လည်း နိုင်ငံသားများအတွက် အခြေခံလိုအပ်သည့် ကုန်ပစ္စည်းများ ပံ့ပိုးပေးရန် နှင့် လုံလောက်သော အရန်များထားရှိရန်တို့အတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ အပေါ် အကျဉ်းချုံး ပြောကြားခဲ့ပါသည်။

- ၈ -

အခြေခံကုန်စည်နှင့် စားသောက်ကုန်များ နှစ်ပတ်လည် လုံလုံလောက်လောက် သိုလှောင် နိုင်စေရန်အတွက် မဟာဗျူဟာကျသော ဂိုဒေါင်များနှင့် သိုလှောင်ကန်များ တည်ထောင်ရေး နိုင်ငံတော်စီမံကိန်း ပြီးစီးအောင် ညွှန်ကြားခဲ့ပါသည်။ ဤသည်မှာ နိုင်ငံသားများ၏ လိုအပ်ချက် များကို ဖူလုံစေရန်နှင့် အီဂျစ်၏ စားနပ်ရိက္ခာဖူလုံမှုအခြေအနေ တည်ငြိမ်စေရန် နိုင်ငံတော်၏ အထူးတလည်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။

အီဂျစ်နှင့် ညီနောင်သဖွယ် ဆက်နွယ်လျက်ရှိသည့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ပြည်သူများအား စားသောက်ကုန်မျိုးစုံ တန်ချိန်(၆၅၀)ရှိသည့် ထပ်လောင်းရိက္ခာများ ထောက်ပံ့ပေးရန် သမ္မတ Al-Sisi မှ ညွှန်ကြားခဲ့ကြောင်း (၁၅. ၁၁. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် Daily News Egypt သတင်းအရ သိရှိရပါသည်။


Source https://www.dailynewsegypt.com/2023/11/15/egypt-zimbabwe-agree-to-boost-cooperation-in-agriculture-infrastructure/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ