(၂၀၂၁)ခုနှစ်အတွင်း ကမ္ဘာ့ကော်ဖီဈေးကွက်အခြေအနေ

  • Wed, 5 January 2022

ဇန်နဝါရီလတွင် Robusta ကော်ဖီဈေးနှုန်းများကျဆင်းနေချိန်တွင် Arabica ကော်ဖီစျေးနှုန်း များ ဆက်လက်မြင့်တက်ခဲ့ခြင်း

    ဇန်နဝါရီလတွင် Robusta ကော်ဖီစျေးနှုန်းများသည် တစ်ပေါင်လျင် အမေရိကန်ဆင့် (၇၀.၇၁)ဆင့်သို့ ကျဆင်းသွားသော်လည်း Arabica ကော်ဖီစျေးနှုန်းများသည် မြင့်တက်ခဲ့ပါ သည်။ (၂၀၂၀)ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာ့ကော်ဖီတင်ပို့မှုပမာဏသည် အိတ်ပေါင်း (၁၀.၉၇) သန်းရှိခဲ့ပါသည်။ (၂၀၂၀-၂၁)ခုနှစ်၏ ပထမသုံးလအတွင်း ကော်ဖီအိတ် (၃၁.၅၉)သန်း တင်ပို့ခဲ့ ပြီး (၂၀၁၉)ခုနှစ် အောက်တိုဘာလ မှ ဒီဇင်ဘာလထက် (၆.၁)% ပိုများခဲ့ပါသည်။


ဖေဖော်ဝါရီလတွင် ICO ပေါင်းစပ်ညွှန်းကိန်းသည် (၄)လဆက်တိုက် မြင့်တက်ခဲ့ခြင်း

    (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလတွင်၊ ICO ပေါင်းစပ်ညွှန်းကိန်း (ကော်ဖီဈေးနှုန်းအား အဓိက ကော်ဖီ (၄) အုပ်စု၏ ဈေးနှုန်း ကိုအခြေခံ၍သတ်မှတ်ထားသောညွှန်ကိန်း) သည် ပျမ်းမျှ တစ်ပေါင်လျင် အမေရိကန်ဆင့် (၁၁၉.၃၅)ဆင့် မြင့်တက်ခဲ့ပါသည်။ ၎င်းသည် (၂၀၁၇)ခုနှစ် အောက်တိုဘာလနောက်ပိုင်း လစဉ်ပျမ်းမျှအမြင့်ဆုံးဖြစ်ခဲ့ပါသည်။
    (၂၀၂၁)ခုနှစ် ဇန်နဝါရီလတွင် တစ်ကမ္ဘာလုံးတင်ပို့မှု စုစုပေါင်းအိတ် (၁၀.၂၁)သန်းရှိပြီး ကော်ဖီနှစ် (၂၀၂၀-၂၁)ခုနှစ်၏ ပထမလေးလတွင် တင်ပို့မှုမှာ အိတ်ပေါင်း (၄၁.၈၈)သန်းဖြင့် (၃.၇)% တိုးတက်ခဲ့ပါသည်။ (၂၀၂၀)ခုနှစ် အောက်တိုဘာလမှ (၂၀၂၁)ခုနှစ် ဇန်နဝါရီလအတွင်း ကမ္ဘာ့အကြီးဆုံးကော်ဖီထုတ်လုပ်သည့်ဒေသဖြစ်သည့် တောင်အမေရိကမှ တင်ပို့မှုသည် (၁၅.၅)% နှင့် ဘရာဇီးလ်မှ တင်ပို့မှုမှာ (၂၄.၃)% အသီးသီးတိုးလာခဲ့သော်လည်း အခြားဒေသ (၃)ခုမှ ပို့ကုန်တင်ပို့မှုများ ကျဆင်းခဲ့ပါသည်။ အာရှနှင့် Oceaniaမှတင်ပို့မှုမှာ(၃.၉)%၊ အာဖရိက တင်ပို့မှုမှာ (၁၃)%နှင့် Central America နှင့် မက္ကဆီကိုတို့မှ (၁၇.၅)% အသီးသီး ကျဆင်းခဲ့ပါ သည်။


မတ်လအစောပိုင်းတွင် ကော်ဖီဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း လကုန်ပိုင်းတွင် ဈေးနှုန်း များ ကျဆင်းခဲ့ခြင်း

    ဖေဖော်ဝါရီလတွင် တစ်ပေါင်လျင် အမေရိကန်ဆင့် (၁၁၉.၃၅)ဆင့်နှင့် နှိုင်းယှဉ်ပါက မတ်လတွင် ICO ပေါင်းစပ်ညွှန်းကိန်းသည် (၀.၈)%ဖြင့် အနည်းငယ်မြင့်တက်ခဲ့ပြီး လွန်ခဲ့သော (၅)လအတွင်း တိုးတက်မှုလမ်းကြောင်းဖြစ်လာခဲ့ပါသည်။ ၎င်းသည် (၂၀၁၇-၁၈) ကော်ဖီနှစ် နောက်ပိုင်း လစဉ်ပျမ်းမျှအမြင့်ဆုံးဖြစ်ခဲ့သော်လည်း ဤအတက်လမ်းကြောင်းနှင့် ဆန့်ကျင် ဘက်ဖြစ်ကာ လ၏နောက်ဆုံးရက်များတွင် စျေးနှုန်းများကျဆင်းသွားကာ ဖေဖော်ဝါရီလ နောက်ဆုံးနှစ်ရက်အတွင်း ၎င်း၏ အနိမ့်ဆုံးအဆင့်သို့ မှတ်တမ်းတင်ခဲ့ပါသည်။
    ဒေသအားလုံးသို့ တင်ပို့သည့်နိုင်ငံများမှ စုစုပေါင်းတင်ပို့မှုမှာ(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ တွင် အိတ်ပေါင်း (၁၀.၄၇)သန်းရှိခဲ့ပါသည်။ စုစည်းတင်ပို့မှုမှာ (၂၀၂၀)ခုနှစ် မတ်လမှ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလအထိ အိတ်ပေါင်း (၁၂၈.၅၇)သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။


ဧပြီလတွင် ထုတ်လုပ်မှုနှင့် စီးပွားရေးကျဆင်းမှုများကြောင့် ကော်ဖီစျေးနှုန်းများ မြင့်တက် ခဲ့ခြင်း

    (၂၀၂၁)ခုနှစ် ဧပြီလတွင် ICO ပေါင်းစပ်ညွှန်းကိန်းသည် တစ်ပေါင်လျင် အမေရိကန်ဆင့် (၁၂၂.၀၃)ဆင့်သို့ မြင့်တက်ခဲ့ပြီး အုပ်စုညွှန်းကိန်းများအားလုံးအတွက် စျေးနှုန်းများ မြင့်တက် ခဲ့ပါသည်။ လွန်ခဲ့သည့် (၆)လအတွင်း ကော်ဖီစျေးနှုန်းများသည် နေ့စဉ်အနည်းငယ်ကျဆင်း နေသော်လည်း လစဉ်ပျမ်းမျှနှုန်းထားများ ဆက်တိုက်မြင့်တက်ခဲ့ပါသည်။
    (၂၀၂၁)ခုနှစ် မတ်လတွင် ကမ္ဘာ့ကော်ဖီတင်ပို့မှုပမာဏမှာ (၆၀)ကီလိုဂရမ်အိတ်ပေါင်း (၁၁.၉) သန်းရှိခဲ့သဖြင့် စျေးနှုန်းများခိုင်မာနေပြီး ရောင်းအားကောင်းမွန်စေခဲ့ပါသည်။ (၂၀၂၀-၂၁)ခုနှစ် ကော်ဖီရာသီ၏ ပထမနှစ်ဝက်တွင် တင်ပို့မှုမှာ အိတ်ပေါင်း(၆၅.၄)သန်းဖြင့် (၃.၅)% မြင့်တက်ခဲ့ပါသည်။ (၂၀၂၀)ခုနှစ် ဧပြီလမှ (၂၀၂၁)ခုနှစ် မတ်လအထိ စုစည်းတင်ပို့မှုမှာ အိတ် ပေါင်း (၁၂၉.၅)သန်းရှိခဲ့ပါသည်။


မေလတွင် ပြန်လည်ထူထောင်လာပြီး ကော်ဖီစျေးနှုန်းများ မြင့်တက်လာခဲ့ခြင်း

    (၂၀၂၁)ခုနှစ် မေလတွင် ICO ပေါင်းစပ်ညွှန်းကိန်းသည် တစ်ပေါင်လျင် အမေရိကန်ဆင့် (၁၃၄.၇၈)ဆင့်သို့ (၁၀.၄)% မြင့်တက်ခဲ့ပြီး (၂၀၁၇) ဖေဖော်ဝါရီလနောက်ပိုင်း အမြင့်ဆုံးလ ဖြစ်ခဲ့ပါသည်။ ကော်ဖီအုပ်စု(၄)ခုလုံး၏ ဈေးနှုန်းများ အထူးသဖြင့် အာရေးဗီးကားကော်ဖီအုပ်စု များ ၏ ဈေးနှုန်းများသည် သိသိသာသာ မြင့်တက်ခဲ့ပါသည်။
    စျေးကွက်အခြေခံအချက်များအရ ဒေသအားလုံးသို့တင်ပို့သည့်နိုင်ငံများမှတင်ပို့မှုသည် (၂၀၂၁) ခုနှစ် ဧပြီလတွင် (၆၀) ကီလိုဂရမ်အိတ်ပေါင်း (၁၁.၄) သန်း ရှိခဲ့ပါသည်။ (၂၀၂၀)ခုနှစ် မေလမှ (၂၀၂၁)ခုနှစ် ဧပြီလအထိ စုစည်းတင်ပို့မှုမှာ အိတ်ပေါင်း (၁၃၀.၄) သန်းခန့် ရှိခဲ့ပါသည်။


ဇွန်လတွင် ကော်ဖီစျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ခြင်း

    (၂၀၂၁)ခုနှစ် ဇွန်လတွင် ကုန်သွယ်မှုစီးဆင်းမှု အနှောင့်အယှက်များအပြင် အချို့သော မူလရင်းမြစ်များမှ ရောင်းလိုအားလျှော့ချရန် မျှော်မှန်းချက်များကြောင့် ကော်ဖီစျေးနှုန်းများ သည် (၈)လဆက်တိုက် မြင့်တက်ခဲ့ပါသည်။
    ICO ပေါင်းစပ်ညွှန်းကိန်း၏ လစဉ်ပျမ်းမျှနှုန်းသည် (၂၀၂၁)ခုနှစ် ဇွန်လတွင် တစ်ပေါင် လျင် အမေရိကန်ဆင့် (၁၄၁.၀၃)ဆင့်သို့ရောက်ရှိခဲ့ပါသည်။ ကော်ဖီအုပ်စု(၄)အုပ်စုလုံး၏ ဈေးနှုန်းများသည် သိသိသာသာ မြင့်တက်ခဲ့ပါသည်။
    စျေးကွက်အခြေခံအရ ဒေသအားလုံးသို့ ပို့ကုန်နိုင်ငံအားလုံးမှ တင်ပို့မှုမှာ (၂၀၂၁) ခုနှစ် မေလတွင် စုစုပေါင်း (၆၀) ကီလိုဂရမ်အိတ်ပေါင်း (၉.၈)သန်းရှိခဲ့ပါသည်။ ၎င်းတင်ပို့မှုအဆင့် သည် ကပ်ရောဂါမဖြစ်ပွားမီ (၂၀၁)ခုနှစ် မေလတွင် မှတ်တမ်းတင်ထားသော ပမာဏထက် (၂၁.၅)% လျော့ကျသွားခဲ့ပါသည်။ တင်ပို့မှုအတွက် ကွန်တိန်နာများ ရရှိနိုင်မှုသည် ကုန်သွယ် စီးဆင်းမှုအတွက် အဓိကကန့်သတ်ချက်တစ်ခုအဖြစ် ရှိခဲ့ပါသည်။ (၂၀၂၀) ခုနှစ် ဇွန်လမှ (၂၀၂၁) ခုနှစ် မေလအထိ စုစည်းတင်ပို့မှုမှာ အိတ်ပေါင်း (၁၂၉.၂) သန်းခန့် ရှိခဲ့ပါသည်။


ဇူလိုင်လတွင် အာရေးဗီးကားကော်ဖီစျေးနှုန်းများသည် (၂၀၁၄)ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်ခဲ့ခြင်း

    ကော်ဖီမူလအရင်းအမြစ်များမှ အထူးသဖြင့် ဘရာဇီးတွင် နှင်းခဲကျရောက်မှုများကြောင့် လက်ရှိနှင့် အနာဂတ်တွင် ကော်ဖီရရှိနိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားလာသည် နှင့်အမျှ (၂၀၂၁)ခုနှစ် ဇူလိုင်လတွင် ကော်ဖီစျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး အာရေး ဗီးကားကော်ဖီမျိုးသည် (၂၀၁၄)ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွား ခဲ့ပါသည်။ ရလဒ်အနေနဲ့ ဈေးကွက်မတည်ငြိမ်မှုများ တိုးခဲ့ပါသည်။
    ICO ပေါင်းစပ်ညွှန်းကိန်း၏ လစဉ်ပျမ်းမျှသည် (၂၀၂၁)ခုနှစ် ဇူလိုင်လတွင် တစ်ပေါင် လျင် အမေရိကန်ဆင့် (၁၅၂.၂၄)ဆင့်သို့ရောက်ရှိခဲ့ပါသည်။ ကော်ဖီအုပ်စု(၄)ခုလုံး၏ ဈေးနှုန်း များသည် သိသိသာသာ မြင့်တက်ခဲ့ပါသည်။ အဓိကစားသုံးသောဈေးကွက်များတွင် ကပ်ရောဂါ နှင့်ပတ်သက်သော ကန့်သတ်မှုအစီအမံများကို ဖယ်ရှားပြီး ကာကွယ်ဆေးထိုးခြင်း အစီအစဉ် များ တိုးတက်လာခြင်းသည် ပုံမှန်စီးပွားရေးလုပ်ဆောင်မှုသို့ ပြန်လည်ရောက်ရှိစေသောကြောင့် စျေးနှုန်းစွမ်းဆောင်ရည်သည် ဝယ်လိုအားအတွက် အလားအလာကောင်းများရှိခဲ့ပါသည်။ ကမ္ဘာ့ကော်ဖီတင်ပို့မှုပမာဏသည် (၂၀၂၁)ခုနှစ် ဇွန်လတွင် အိတ်ပေါင်း (၁၁.၂၀) သန်းရှိခဲ့ပါ သည်။


သြဂုတ်လတွင် ကော်ဖီစျေးနှုန်းများ အမြင့်ဆုံးသို့ရောက်ရှိခဲ့ခြင်း

    ကော်ဖီအဓိကထုတ်လုပ်သည့်နိုင်ငံများတွင် ရာသီဥတုဆိုးရွားမှုနှင့် အာရှတွင် ကုန်စည် ပို့ဆောင်ခများ တိုးမြင့်လာခြင်းကြောင့် ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများနှင့်အတူ ကုန်သွယ်မှု စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေမှုများကြောင့် ရောင်းလိုအားအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေပြီး သြဂုတ်လတွင် ကော်ဖီစျေးနှုန်းများ (၁၀)လဆက်တိုက်မြင့်တက်ခဲ့ပါသည်။
    ICO ပေါင်းစပ်ညွှန်းကိန်း၏ လစဉ်ပျမ်းမျှနှုန်းသည် (၂၀၂၁) ခုနှစ် ဇူလိုင်လတွင် တစ်ပေါင် လျင် အမေရိကန်ဆင့် (၁၆၀.၁၄)ဆင့်ရှိခဲ့ပါသည်။ (၂၀၂၁)ခုနှစ် ဩဂုတ်လတွင် ရောက်ရှိခဲ့သည့် အဆင့်သည် လက်ရှိကော်ဖီနှစ်စတင်ချိန်မှစ၍ (၅၁.၃)% တိုးလာခဲ့ခြင်းဖြစ်ပါသည်။ Robusta ကော်ဖီများသည် အတန်အသင့် အတက်အကျရှိခဲ့သော်လည်း အာရေဗီးကားကော်ဖီ၏ ဈေးနှုန်း များမှာ သိသိသာသာ မြင့်တက်ခဲ့ပါသည်။ ဇူလိုင်လတွင် အာရေဗျကော်ဖီစျေးနှုန်းများသည် (၂၀၁၄)ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါသည်။


စက်တင်ဘာလတွင် ကော်ဖီစျေးနှုန်းများ ထပ်မံမြင့်တက်ခဲ့သော်လည်း မတည်ငြိမ်မှုများ ရှိခဲ့ခြင်း

    စက်တင်ဘာလတွင် ICO ပေါင်းစပ်ညွှန်ကိန်းလစဉ်ပျမ်းမျှစျေးနှုန်းသည် တစ်ပေါင်လျင် အမေရိကန်ဆင့် (၁၇၀.၀၂)ဆင့်ရှိခဲ့သောကြောင့် ကော်ဖီစျေးနှုန်းများသည် စံချိန်တင်အမြင့်ဆုံး သို့ ရောက်ရှိခဲ့ပါသည်။ ကော်ဖီဈေးကွက်သည် ဘရာဇီးတွင် ရာသီဥတုနှင့် အာရှတွင် ကုန်သွယ် မှုကိုထိခိုက်စေသော ကိုဗစ်နှင့်ဆက်နွှယ်သော အနှောက်အယှက်များကြောင့် ဆက်လက် တွန်းအား ပေးနေခဲ့ခြင်းဖြစ်ပါသည်။
    စျေးကွက်အခြေခံအချက်များအရ ဒေသအားလုံးသို့ တင်ပို့သည့်နိုင်ငံအားလုံးမှ ကော်ဖီ မျိုးစုံ တင်ပို့မှုမှာ (၂၀၂၁) ခုနှစ် သြဂုတ်လတွင် အိတ်ပေါင်း (၁၀.၁) သန်း ရှိခဲ့ပါသည်။ (၂၀၂၀) ခုနှစ် စက်တင်ဘာလမှ (၂၀၂၁) ခုနှစ် သြဂုတ်လအထိ စုစည်းတင်ပို့မှုမှာ အိတ်ပေါင်း (၁၂၉.၅၅) သန်း ရှိခဲ့ပါသည်။


ဘရာဇီးတွင် ရာသီဥတုအခြေအနေ ပိုမိုကောင်းမွန်လာသော်လည်း အောက်တိုဘာလတွင် ကော်ဖီစျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ခြင်း

    အောက်တိုဘာလတွင် ကော်ဖီဈေးနှုန်းများသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ ICO ပေါင်းစပ်ညွှန်ကိန်းလစဉ်ပျမ်းမျှစျေးနှုန်းသည် တစ်ပေါင်လျင် အမေရိကန်ဆင့် (၁၈၁.၅၇)ဆင့် ရှိခဲ့ပါသည်။ ရာသီဥတုဆိုးရွားမှုများနှင့် တင်းကျပ်သော ကူးစက်ရောဂါဆိုင်ရာ အစီအမံများမှ ဖြစ်ပေါ်လာသည့် ကုန်သွယ်မှုစီးဆင်းမှုမသေချာမှုများသည် အစိမ်းရောင်ကော်ဖီ ပုံမှန်ရောင်းလို အားအတွက် ပြင်းထန်သောခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ပါသည်။
   ကမ္ဘာ့ကော်ဖီတင်ပို့မှုပမာဏသည် (၂၀၂၁)ခုနှစ် စက်တင်ဘာလတွင် အိတ်ပေါင်း (၁၀.၀၇)သန်းရှိခဲ့ပါသည်။ (၂၀၂၀) ခုနှစ် အောက်တိုဘာလမှ (၂၀၂၁) ခုနှစ် စက်တင်ဘာလ အထိ ကော်ဖီအမျိုးအစားအားလုံးအတွက် စုစည်းတင်ပို့မှုမှာ အိတ်ပေါင်း (၁၂၉.၀၃)သန်း ရှိခဲ့ပါ သည်။


နိုဝင်ဘာလတွင် ကော်ဖီဈေးနှုန်းများ (၁၀) နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်း

    နိုဝင်ဘာလတွင် ကော်ဖီဈေးနှုန်းများသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ICO ပေါင်းစပ်ညွှန်ကိန်း လစဉ်ပျမ်းမျှစျေးနှုန်းသည် တစ်ပေါင်လျင် အမေရိကန်ဆင့် (၁၉၅.၅၁၇) ဆင့်ရှိခဲ့ပါသည်။ (၂၀၂၁)ခုနှစ် အောက်တိုဘာလတွင် ကော်ဖီမျိုးစုံတင်ပို့မှု စုစုပေါင်း အိတ်ပေါင်း (၉.၆၈) သန်းရှိခဲ့ပါသည်။

https://www.ico.org/


ဆက်စပ် သတင်းများ