စားနပ်ရိက္ခာအသိုက်အဝန်းအစီအစဉ်ကို အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးပြောကြား

  • Wed, 6 December 2023

စားနပ်ရိက္ခာအသိုက်အဝန်းအစီအစဉ်ကို အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးပြောကြား


စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က စားနပ်ရိက္ခာအသိုက်အဝန်း အစီအစဉ်သည် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် အရှိန်မြှင့်တင်ခြင်းတို့ကို ပံ့ပိုးပေးရန် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါသည်။

လက်ရှိစိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မြှင့်ပြီး ကြိုတင်ပြင်ဆင်မှု အရန်အင်အားအဖြစ် စားနပ်ရိက္ခာ အသိုက်အဝန်းကို တည်ဆောက်မည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာ အသိုက်အဝန်းသည် နိုင်ငံတော်အတွက် အရန်အင်အားဖြစ်ကြောင်း ဂျကာတာရှိ သမ္မတအိမ်တော် ကွန်ဗင်းရှင်းတွင် ပြောကြားခဲ့ပါသည်။

ခေတ်မီစိုက်ပျိုးရေးဆိုင်ရာ စီမံခန့်ခွဲမှုဖြင့် ပံ့ပိုးပေးမည်ဆိုပါက စားနပ်ရိက္ခာအသိုက်အဝန်း အစီအစဉ် အောင်မြင်မည်ဖြစ်ကြောင်း၊ ခေတ်မီစိုက်ပျိုးရေးအတွက် အင်ဒိုနီးရှားနိုင်ငံတွင် အကြီးစား စပါးစိုက်ကွင်းကြီးတစ်ခုကို ပံ့ပိုးပေးမည်ဖြစ်ပြီး စိုက်ပျိုးခြင်း၊ မြေသြဇာကျွေးခြင်းမှအပင်ပြုစုခြင်း အဆင့်များထိအားလုံးကို စက်ယန္တရားများ အသုံးပြုသွားမည်ဖြစ်ကြောင်း Sulaiman မှ ပြောကြားခဲ့ပါသည်။

(၂၀၂၀-၂၀၂၄) အမျိုးသားမဟာဗျူဟာအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် စားနပ်ရိက္ခာ အသိုက်အဝန်း အစီအစဉ်သည် ငရုတ်၊ ဆန်၊ ပီလောပီနံ၊ ပြောင်း၊ မြေပဲနှင့် အာလူးကဲ့သို့သော သီးနှံမျိုးစုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။

သမ္မတ Joko Widodo (Jokowi) မှ စတင်ပေးခဲ့သည့် ယခုအစီအစဉ်ကို Central Kalimantan၊ North Sumatra၊ East Nusa Tenggara၊ Yogyakarta၊ West Java၊ Central Java၊ East Java နှင့် Papua အပါအဝင် ဒေသအများအပြားတွင် အကောင်အထည်ဖော်လျက်ရှိပါသည်။

စားနပ်ရိက္ခာအသိုက်အဝန်း ဒေသတစ်ခုစီသည် မတူညီသော ကုန်စည်များကို တီထွင်ထုတ် လုပ်ကြသည်။ ဥပမာအားဖြင့် Central Sumba ရှိ စားနပ်ရိက္ခာအသိုက်အဝန်းသည် ဆန်နှင့် ပြောင်းကို ဖွံ့ဖြိုးတိုးတက်စေ ရန် လုပ်ဆောင်နေပါသည်။

စားနပ်ရိက္ခာ အသိုက်အဝန်းအစီအစဉ်နှင့် ပတ်သက်ပြီး အမြင်မတူသူများရှိကြောင်း၊ သို့သော် လည်း ၎င်းအစီအစဉ်ကို ဆက်လုပ်သင့်ကြောင်း၊ ၂၀၁၇၊ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များတွင် စားနပ်ရိက္ခာ ဖူလုံမှုရှိကြောင်း၊ အပြုသဘောဆောင်သောလမ်းကြောင်းကို ဆက်လုပ်သင့်ကြောင်း ဝန်ကြီး Sulaiman က ပြောကြားခဲ့ကြောင်း ( ၂၉.၁၁.၂၀၂၃ )ရက်နေ့တွင် ထုတ်ပြန်ခဲ့သော en.antaranews website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://en.antaranews.com/news/299772/need-to-continue-intensify-food-estate-program-agriculture-minister


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ